သာမန်အားဖြင့် ပြောရမယ်ဆိုရင် လူအများစုဟာ စိတ်ခံစားမှုတွေ ပေါ်ပေါက်လာတဲ့အချိန်မှသာ တဦးနဲ့တဦး ပွေ့ဖက်လေ့ရှိကြတာပဲ ဖြစ်ပါတယ်။ ဝမ်းနည်းမှု၊ ပျော်ရွှင်ဝမ်းမြောက်မှုစတဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာမှမဟုတ်ဘဲ တဦးနဲ့တဦး ရင်းနှီးသမှုနဲ့ ပွေ့ဖက်ပေးခြင်းဟာ ကျန်းမာရေးအတွက်တော့ ကောင်းကျိုးတွေ များစွာရှိတယ်လို့ သိပ္ပံပညာရှင်တွေလေ့လာချက်အသစ်အရ သိရပါတယ်။
ဒါကြောင့်မို့လို့ သိပ္ပံရှုထောင့်ကနေ ရှင်းလင်းတင်ပြထားတဲ့ တဦးနဲ့တဦးပွေ့ဖက်ခြင်းရဲ ကျန်းမာရေးကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
သိပ္ပံပညာရှင်တွေဟာ ဒီလေ့လာချက်အတွက် အရွယ်ရောက်ပြီးသူ အယောက် ၂၀၀ ကို အုပ်စု ၂ ခုခွဲကာ လေ့လာခဲ့ပြီး တဦးနဲ့တဦး နွေးနွေးထွေးထွေး ပွေ့ဖက်ပေးကြတဲ့ အုပ်စုက လူတွေဟာ ပွေ့ဖက်ခြင်းမရှိတဲ့ အုပ်စုကလူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ နည်းတာကို တွေ့ရှိခဲ့ကြတဲ့အပြင် သွေးပေါင်ချိန်ကိုလည်း မျှတစေတာကိုပါ တွေ့ရှိခဲ့ကြပါတယ်။
(၂) စိုးရိမ်ပူပန်မှုနဲ့ ဒေါသကြီးခြင်းတို့ကို လျော့ကျစေတယ်
တဦးနဲ့တဦးပွေ့ဖက်တဲ့အခါ Oxytocin ဆိုတဲ့ ဓာတ်တမျိုးထွက်ရှိလာပြီး ဒီဓာတ်ဟာဆိုရင်တော့ စိုးရိမ်ပူပန်မှုများခြင်း၊ ဒေါသကြီးခြင်းနဲ့ အထီးကျန်ခြင်းတို့ကို လျော့ပါးသက်သာစေနိုင်ပါတယ်။
(၃) သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ်
ပွေ့ဖက်ခြင်းဟာ ခန္ဓာကိုယ်က တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်ကိုက်ခဲမှုတွေကို လျော့ပါးသက်သာစေနိုင်တဲ့အပြင် ကိုယ်တွင်းသွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
(၄) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတယ်
တဦးနဲ့တဦးပွေ့ဖက်ပေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ဖြစ်စေတဲ့ Cortisol ဟော်မုန်းပမာဏကို လျော့နည်းစေတာကြောင့် စိတ်ဖိစီးမှုများခြင်းနဲ့ စိတ်ကျရောဂါဖြစ်ခြင်းတို့ကို လျော့ပါးသက်သာစေနိုင်ပါတယ်။
(၅) တဦးနဲ့တဦးဆက်ဆံရေးကို ပိုမိုကောင်းမွန်စေတယ်
တခါတရံမှာ စကားနဲ့ပြောဆိုဆက်ဆံတာမျိုးထက် တဦးနဲ့တဦး ရင်းရင်းနှီးနှီးပွေ့ဖက်လိုက်ခြင်းဟာ အချင်းချင်းဆက်ဆံရေးမှာ ပိုမိုကောင်းမွန်စေသလို တဦးနဲ့တဦးယုံကြည်မှုကိုလည်း ပိုမိုမြင့်တက်လာစေမှာ ဖြစ်ပါတယ်။
Ref : www.wellandgood.com