“စာအုပ်ရဲ့ အဖုံးကို ကြည့်ပြီး အတွင်းထဲက စာကို မသိနိုင်ဘူး” ဆိုတဲ့ အင်္ဂလိပ်ဆိုရိုး တခု ရှိပါတယ်။ ဒါပေမဲ့ လူတယောက်ရဲ့ သွင်ပြင်ကို ကြည့်ပြီး ခန့်မှန်းလို့ ရတာတွေ အများကြီးရှိပါသေးတယ်။ သူ့ရဲ့ အလုပ်အကိုင်၊ အခြေအနေ စတာတွေ အပြင် ကျန်းမာရေးကိုပါ ခန့်မှန်းနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတခါမှာ သင့် ရုပ်ရည် သွင်ပြင်ကို ကြည့်ပြီး ခန့်မှန်းနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အရေပြား တွန့်ခြင်း
၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေ အရ နှလုံးကျန်းမာရေးဟာ အရေပြားကို သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တွေဟာ နှလုံးရောဂါရှိသူ မိဘတွေရဲ့ သားသမီးတွေမှာ မျိုးရိုးလိုက်တဲ့ နှလုံးရောဂါ အခံရှိတတ်တာကြောင့် အရေပြားတွန့်တာတွေ ပိုပြီး ဖြစ်တယ်လို့ သိရပါတယ်။
(၂) ဝက်ခြံပေါက်ခြင်း
အရှေ့တိုင်း ဆေးပညာမှာ ဝက်ခြံပေါက်ခြင်းဟာ ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ အစိတ်အပိုင်းတွေမှာ ရောဂါဖြစ်နေတာကြောင့် ဖြစ်တယ်လို့ အယူရှိပါတယ်။ မျက်ခုံးမွှေးတလျှောက်နဲ့ နှာခေါင်းတို့မှာ ဝက်ခြံပေါက်ခြင်းက အသည်းအားနည်းလို့ ဖြစ်ပါတယ်။ အရက်အလွန်အကျွံ သောက်ခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်များကို စားခြင်းနဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မျက်လုံး တဝိုက်မှာ ဝက်ခြံပေါက်ရခြင်းကတော့ ကျောက်ကပ်အား နည်းတာကြောင့် ဖြစ်ပါတယ်။ ပါးရဲ့ အပေါ်ပိုင်းမှာ ပေါက်တယ်ဆိုရင် အစာအိမ် ပြဿနာပါ။ ပါးအောက်ပိုင်းမှာ ဝက်ခြံပေါက်တာက အဆုတ်ကျန်းမာရေးကြောင့် ဖြစ်ပြီး နှုတ်ခမ်းနားတဝိုက်ပေါက်ခြင်းက နှလုံးပြဿနာကြောင့်လို့ သိရပါတယ်။
(၃) အရပ်
အရပ်ကို လိုက်ပြီးတော့လည်း လူတယောက်ကို ဆုံးဖြတ်လို့ ရပါသေးတယ်။ အရပ်ရှည်တဲ့ သူတွေဟာ ခေါင်းဆောင်ဖြစ်လိုစိတ် ပြင်းပြကြပါတယ်။ ကိုယ်နဲ့ သက်တူ ရွယ်တူတွေထက် အရပ်ပိုပြီး ရှည်တဲ့အခါ ကျောင်းစာသင်ခန်းတွေမှာ ခေါင်းဆောင် လုပ်ရတာက စလို့ အရပ်ရှည်သူတွေ တော်တော်များများဟာ ငယ်ငယ်ကတည်းက ခေါင်းဆောင်လုပ်ဖို့ သင်ကြားပေးခံရသူတွေ ဖြစ်လာပါတယ်။
Ref : brightside