လွန်ခဲ့တဲ့၂နှစ်တုန်းက Tanitoluwa Adewumi ဟာ သူ့ရဲ့မိခင်ဖြစ်သူ Oluwatoyin Adewumi ၊ ဖခင်ဖြစ်သူ Kayode Adewumi ၊ အစ်ကိုတယောက်တို့နဲ့ နိုင်ဂျီးရီးယားမှာ နေထိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ၈ နှစ်သားအရွယ် Tanitoluwa ဟာ Chess ချန်ပီယံဆုနဲ့အတူ နယူးရော့ခ်မြို့ရဲ့ Big Apple အဆောက်အဦမှာ နေထိုင်ရင်း ကမ္ဘာအနှံ့က သတင်းမီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။
နယူးရော့ခ်မြို့သားတွေကတော့ သူ့ကို ချစ်စနိုးနဲ့ Tani လို့ခေါ်ဝေါ်လေ့ရှိပြီး လွန်ခဲ့တဲ့တနှစ်ကမှ ချက်စ်ပညာကို သင်ယူခဲ့တာပါ။ မြို့တွင်းပြိုင်ပွဲတွေမှာတော့ သူ့ကို ဘယ်သူ့မှ အနိုင်မယူနိုင်သေးတာဖြစ်သလို မီဒီယာတွေဆီ အင်တာဗျူးဖြေဆိုတဲ့အခါမှာတော့ Tani က “ကျနော် အသက်အငယ်ဆုံး ချက်စ်ပညာရှင် ဖြစ်ချင်တယ်”လို့ ဆိုပါတယ်။
Tani ဟာ နယူးရော့ခ်ပြည်နယ်တဝိုက်မှာ ကျင်းပခဲ့တဲ့ မူလတန်းအဆင့် Chess Championship ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိခဲ့ပြီး သူ့ရဲ့ နည်းပြဖြစ်သူ Russel Makofsky နဲ့အတူ ဆုတံဆိပ်နဲ့ ပြုံးပျော်ရွှင်နေတဲ့ Tani ရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
Tani ဟာ အခုလိုအောင်မြင်မှု ရရှိလာဖို့အတွက် ခက်ခဲတဲ့အတွေ့အကြုံတွေကိုဖြတ်သန်းလာခဲ့ရတာဖြစ်ပြီး သူနဲ့ သူ့မိသားစုနေထိုင်ရာ နိုင်ဂျီးရီးယားမှာ Boko Haram အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ထွက်ပြေး လွတ်မြောက်လာခဲ့ကြရတယ်လို့ သိရပါတယ်။ Tani တို့မိသားစုဟာ၂၀၁၇ ခုနှစ်မှာ နိုင်ဂျီးရီးယားကနေ နယူးရော့ခ်မြို့ကို ရောက်ရှိလာခဲ့ကြပြီး အိမ်ရာမဲ့စခန်းမှာ မိသားစုလိုက် နေထိုင်ခဲ့ကြရတာပါ။
Tani ဟာ ချက်စ်ကစားနည်းကို အရူးအမူးကြိုက်နှစ်သက်သူဖြစ်တာကြောင့် သူတက်တဲ့ မူလတန်းကျောင်းလေးရဲ့ P.S. 116 ဆိုတဲ့ ချက်စ်ကလပ်ထဲဝင်ဖို့ သူ့မိခင်ကို ခွင့်ပြုချက်တောင်းခဲ့ပါတယ်။ နည်းပြ Russell Makofsky ဟာ Tani ရဲ့ စိတ်အားထက်သန်မှုနဲ့ စွမ်းရည်ကို သိရှိတာကြောင့် ချက်စ်ကလပ်အတွက် ဝင်ကြေးပေးစရာမလိုဘဲ ဝင်ရောက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့တနှစ်ကတည်းက Tani ဟာ သူ့ရဲ့ ပထမဆုံး ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အခြားပြိုင်ပွဲဝင်တွေထက် ရမှတ်အနည်းဆုံးကို ပိုင်ဆိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူဟာ ချန်ပီယံတယောက်ဖြစ်နေပါပြီ။
နည်းပြ Russell ကတော့ NBC ရဲ့ အင်တာဗျူးတခုမှာ Tani တို့ မိသားစုအတွက် ရန်ပုံငွေအကောင့်တခု ဖွင့်ပေးခဲ့ပြီး အခုအချိန်မှာ ရန်ပုံငွေ ဒေါ်လာ၁သိန်း၈သောင်းခန့်ရရှိနေပြီလို့လည်း သိရပါတယ်။ လတ်တလောထွက်ရှိလာတဲ့ သတင်းတွေအရဆိုရင်တော့ Tani တို့မိသားစုဟာ အလှူရှင်တဦးက ပေးအပ်ခဲ့တဲ့ အခန်းတခန်းကို ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ သိရပါတယ်။
Ref : www.boredpanda.com