အိုင်အိုဒင်းဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဓာတ်တမျိုးဖြစ်ပါတယ်။ သိုင်းရွိုက် ဟောမုန်းကို ထုတ်ပေးနေတဲ့ အဓိက သော့ချက်တခုလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ အဲဒီအရာတွေကို ကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်း မရှိတာကြောင့် အိုင်အိုဒင်းဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပေးသင့်ပါတယ်။
အိုင်အိုဒင်းကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ကျောက်ပွင့်၊ ကြက်ဥ၊ တရုတ်ဆီးသီးနဲ့ နို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အိုင်အိုဒင်းအားနည်းမှုဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ အိုင်အိုဒင်းစားသုံးမှု အားနည်းရင် ဖြစ်တတ်တဲ့ ကျန်းမာရေး လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဆံပင်နဲ့ အရေပြား ပြဿနာ
ဆံပင်ကျွတ်ခြင်းနဲ့ အရေပြားခြောက်သွေ့ခြင်းဟာ အိုင်အိုဒင်း အားနည်းတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ အိုင်အိုဒင်းဟာ အသားအရေစိုပြေခြင်း၊ ဆံသားကောင်းမွန်ခြင်းတွေ ဖြစ်စေပြီး အရေးအကြောင်းပေါ်ခြင်းတွေကိုပါ နှေးစေနိုင်ပါတယ်။ အိုင်အိုဒင်း စားသုံးမှု အားနည်းတဲ့ အခါ ဆံပင်နဲ့ အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
(၂) အအေးလွန်ခြင်း
အိုင်အိုးဒင်းဓာတ်ဟာ ခန္ဓာကိုယ်အတွင်းအပူချိန် ထိန်းညှိခြင်းကို ပြုလုပ်ပေးပါတယ်။ အိုင်အိုဒင်း အားနည်းတဲ့ အခါ ရာသီဥတု သိပ်မအေးတဲ့ အခါတွေမှာတောင် တယောက်တည်း ပိုပြီးအေးနေတတ်ပါတယ်။
(၃) ကိုယ်အလေးချိန် မြင့်တက်ခြင်း
အိုင်အိုဒင်း အားနည်းခြင်းဟာ ခန္ဓာကိုယ်က ပြုလုပ်နေကျဖြစ်တဲ့ ဇီဝကာမဖြစ်စဉ်တွေကို နှေးသွားစေပါတယ်။ ပုံမှန် လောင်ကျွမ်းသင့်တဲ့ ကယ်လိုရီ ပမာဏကို လောင်ကျွမ်းနိုင်စွမ်း မရှိတော့တဲ့ အတွက် သာမန်ထက်ပိုပြီး ကိုယ်အလေးချိန်မြင့်တက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
(၄) ပင်ပန်းခြင်းနဲ့ အားနည်းခြင်း
လေ့လာမှုတွေအရ လူ ၈၈ ရာခိုင်နှုန်းလောက်ဟာ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုနည်းတာကြောင့် ပင်ပန်းခြင်းနဲ့ အားနည်းခြင်းတွေကို ခံစားနေရတယ်လို့ သိရပါတယ်။ တကယ်လို့ သင်ဟာ အိပ်ချိန်ရော စားချိန်ပါမှန်ပြီး ပင်ပင်ပန်းပန်း အလုပ်တွေ မလုပ်ရဘဲ အားနည်းနေတာနဲ့ ပင်ပန်းနေတာတွေကို ခံစားရမယ်ဆိုရင် အိုင်အိုဒင်း စားသုံးဖို့ လိုအပ်နေပါပြီ။
Ref;brightside