တခါတရံမှာ ခန္ဓာကိုယ်ကနေ အလိုအလျောက် တုံ့ပြန်တဲ့ အခြေအနေတွေကို ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွား တခုခုဖြစ်တော့မယ်လို့ ထင်မြင်တတ်ကြပါတယ်။ အခုဖော်ပြပေးမယ့် ကျန်းမာရေးလက္ခဏာတွေကတော့ ကြောက်စရာကောင်းတယ်လို့ ထင်ရပေမယ့် ကျန်းမာရေးအတွက် ထူးထူးခြားခြား စိုးရိမ်လောက်စရာ မရှိတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။
(၁) ရင်ဘတ်အောင့်ခြင်း
ရင်ဘတ်အောင့်ခြင်းဟာ Heart Attack ဖြစ်ပေါ်တော့မယ့် လက္ခဏာတွေထဲမှာ ပါဝင်ပေမယ့် နှလုံးရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးပြဿနာ မရှိသူတွေ အနေနဲ့တော့ ထူးထူးခြားခြား စိုးရိမ်စရာ မရှိပါဘူး။ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်မှုများခြင်းနဲ့ ရင်ပူရင်ဆာ ဖြစ်တဲ့အခါမျိုးတွေမှာလည်း ရင်ဘတ်အောင့်ခြင်း ဖြစ်ပေါ်တတ်ပြီး မကြာခဏ ဆိုသလို ဖြစ်ပေါ်တတ်တယ်ဆိုရင်တော့ ဆေးစစ်မှု ခံယူသင့်ပါတယ်။
(၂) နားအူခြင်း
နားအူခြင်းဟာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကျန်းမာရေး လက္ခဏာတခုဖြစ်ပြီး ခန္ဓာကိုယ်တွင်းမှာ သွေးလည့်ပတ်မှု မမှန်တဲ့အခါမျိုးနဲ့ သွေးပေါင်ချိန်တက်တဲ့ အခါမျိုးတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ တခါတရံဖြစ်ပေါ်ရုံလောက်နဲ့တော့ စိုးရိမ်စရာ မရှိပေမယ့် မကြာခဏ ဖြစ်တတ်ရင်တော့ အကြားအာရုံ ချို့ယွင်းခြင်းရဲ့ ရှေ့ပြေးလက္ခဏာတခု ဖြစ်နိုင်ပါတယ်။
(၃) သတိမေ့လွယ်ခြင်း
အသက်အရွယ် ရလာတာနဲ့အမျှ ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေး ပြဿနာတခု ဖြစ်ပြီး ငယ်ရွယ်သူတွေမှာဆိုရင်တော့ စိတ်ဖိစီးမှုများတဲ့အခါ ဖြစ်ပေါ်လေ့ရှိတဲ့ ကျန်းမာရေး လက္ခဏာတခုပဲ ဖြစ်ပါတယ်။
(၄) လက်တုန်ခြင်း
ခန္ဓာကိုယ်တွင်းမှာ ကဖင်းဓာတ်များလွန်းတဲ့အခါ ဖြစ်ပေါ်တတ်ပြီး သွေးတွင်းသကြားဓာတ် နည်းပါးတဲ့အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။
(၅) အသားပိုများ ထွက်ပေါ်ခြင်း
အရေပြားကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေထဲက တခုဖြစ်ပေမယ့် သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေရုံကလွဲပြီး ထူးထူးခြားခြား စိုးရိမ်စရာ မရှိတဲ့ ကျန်းမာရေး လက္ခဏာတခုပဲ ဖြစ်ပါတယ်။
(၆) ဝမ်းသွားတဲ့အခါ သွေးပါခြင်း
ဝမ်းချုပ်တဲ့အခါမျိုးနဲ့ အမျှင်ဓာတ် စားသုံးမှုနည်းပါးတဲ့ အခါမျိုးတွေမှာ ဖြစ်ပေါ်တတ်ပြီး မကြာခဏ ဆိုသလို ဖြစ်ပေါ်တတ်ရင်တော့ ဆရာဝန်နဲ့ သွားရောက် တိုင်ပင်သင့်ပါတယ်။
Ref. www.rd.com