Health

နွေရာသီ နေပူပူမှာ ရေခဲရေ မသောက်သင့်တဲ့ အကြောင်းရင်း ၅ ချက်

ရေခဲရေအေးအေး တဖန်ခွက်ဟာ အခုလို အပူရှိန်ပြင်းထန်တဲ့ နွေရာသီမှာ အေးမြလန်းဆန်းစေတာ မှန်ပေမယ့် သင်ထင်မထားလောက်အောင် များပြားတဲ့ ကျန်းမာရေးဆိုးကျိုးတွေ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ မကြာခဏ ရေခဲရေ သောက်တတ်သူတွေအနေနဲ့ သတိပြုဆင်ခြင်မိစေဖို့ ကျန်းမာရေး ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

(၁) နှလုံးခုန်နှုန်းကို နှေးကွေးစေတယ်

ရေခဲရေရဲ့ နိမ့်လွန်းတဲ့ အပူချိန်ဟာ Vagus nerve ဆိုတဲ့ အလိုအလျောက် အလုပ်လုပ်ခြင်းကို လုပ်ဆောင်တဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးတာကြောင့် ရေခဲရေသောက်တဲ့အခါ နှလုံးခုန်နှုန်းဟာ နှေးကွေးသွားတာပဲ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း နှေးကွေးတဲ့အခါ ရုတ်တရက်ဆိုသလို သတိလစ် လဲကျသွားတာမျိုးတွေ ဖြစ်နိုင်တာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။

(၂) လည်ချောင်းနာခြင်းကို ဖြစ်ပေါ်စေတယ်

ဒါကတော့ လူတိုင်းသိထားပြီးသား အချက်တခုလို့ ထင်ပါတယ်။ ရေခဲရေ သောက်သုံးလိုက်ခြင်းအားဖြင့် ချွဲတွေကို လေပြွန်ထဲမှာ ပိတ်ဆို့စုပုံစေရာကနေ လည်ချောင်းနာခြင်းကို ခံစားရစေတာ ဖြစ်ပါတယ်။

(၃) ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေတယ်

ရေခဲရေသောက်သုံးလိုက်ခြင်းဟာ အခုလို နွေရာသီမှာတော့ ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေရဲ့ အအေးဓာတ်ဟာ ကျောရိုးထဲက အာရုံခံ Nerve ကြောတွေကနေတဆင့် ဦးနှောက်ရဲ့ အချက်ပြပေးပို့မှုကို ချက်ချင်းဆိုသလို လုပ်ဆောင်စေတာကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေတာပါ။

(၄) အစာချေဖျက်ခြင်းစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်

ထမင်းစားပြီးပြီးချင်း ဒါမှမဟုတ် ထမင်းစားနေစဉ် အတောအတွင်းမှာ ရေခဲရေသောက်သုံးခြင်းဟာ သွေးကြောတွေကို ကျဉ်းမြောင်းစေတာကြောင့် အစာချေဖျက်ခြင်းစနစ်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အစာအိမ်ကျန်းမာရေး ပြဿနာရှိသူတွေ အနေနဲ့ ရေခဲရေကို လုံးဝ ရှောင်ကြဉ်သင့်ပြီး မကြာခဏ ဗိုက်အောင့်ဗိုက်နာ ဖြစ်တတ်သူတွေအနေနဲ့လည်း ရေခဲရေကို ရှောင်ကြဉ်သင့်ပါတယ်။

(၅) ရေဓာတ် ဖြည့်တင်းမှုကို ဟန့်တားစေနိုင်တယ်

ရေခဲရေသောက်သုံးခြင်းဟာ ခန္ဓာကိုယ်တွင်းက ရေဓာတ်ထိန်းသိမ်းမှုနဲ့ ရေဓာတ်စုပ်ယူမှုကို နှေးကွေးစေတာကြောင့် အခုလို ချွေးထွက်များတဲ့ နွေရာသီမှာ ရေခဲရေသောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

Ref. food.ndtv.com

Loading