နှစ်စဉ် အင်္ဂလန်နိုင်ငံမှာ ပန်းနာရင်ကြပ် ဖြစ်ပွားတဲ့ ကလေးငယ်ပေါင်း ၃သောင်း ၈ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီလို ဖြစ်ပွားမှုတွေဟာ လေထုညစ်ညမ်းမှုတွေကြောင့် ဖြစ်ပြီး ကားတွေက ထုတ်တဲ့ ညစ်ညမ်းတဲ့ လေထုကြောင့် ကလေးတွေရဲ့ ပန်းနာရင်ကြပ် ဖြစ်မှု မြင့်တက်လာတာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဒီလို ဖြစ်ပွားမှုဟာ လန်ဒန်မှာ အမြင့်ဆုံး ဖြစ်ပြီး မန်ချက်စတာကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်။ အင်္ဂလန်နိုင်ငံ ပန်းနာရင်ကြပ်ကုသရေး ဌာနက ဆရာဝန်ဖြစ်တဲ့ Dr Samantha Walker ကတော့ “ညစ်ညမ်းနေတဲ့ လေထုက ကလေးတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတယ်။ ကားတွေ ပိတ်တဲ့အချိန်တွေမှာ ထုတ်တဲ့ ညစ်ညမ်းတဲ့ လေတွေကြောင့် ကလေးတွေက ပန်းနာရင်ကြပ် ဖြစ်နေရတယ်။ အစိုးရအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက အကြံပေးထားတဲ့ သန့်ရှင်းတဲ့ လေထုကို ရနိုင်ဖို့ အဆိပ်အတောက်တွေ ထုတ်ပေးနေတဲ့ လေထုပမာဏကို လျော့ချဖို့ လိုအပ်တယ်” လို့ ဆိုပါတယ်။
ဒါတွေဖြစ်ရတာဟာ ကားတွေက ထုတ်တဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့လေထု ညစ်ညမ်းမှု အများဆုံးနိုင်ငံတွေမှာ တောင်ကိုးရီးယားက တတိယနေရာမှာ ရှိနေတယ်လို့လည်း သိရပါတယ်။ ရုရှား၊ တရုတ်တို့ကလည်း လေထုအညစ်ညမ်းဆုံး နိုင်ငံတွေ စာရင်းမှာ ပါဝင်နေပါတယ်။
ဒါတွေကို လျော့ချဖို့အတွက် “ကားပိတ်ဆို့မှုတွေ ဖြစ်တဲ့ အခါ ညစ်ညမ်းလာတဲ့ လေထုကို ထိန်းသိမ်ဖို့ အဓိက ရည်ရွယ်ပါတယ်။ ဒီလို ထိန်းသိမ်းနိုင်မယ်ဆိုရင် ကလေးတွေရဲ့ ကျန်းမာရေးက သိသိသာသာ တိုးတက်လာမှာ အသေအချာပါပဲ။ ဒါတွေ ပြုလုပ်ဖို့ လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ နည်းလမ်းကို လေ့လာဖို့ လိုပါတယ်။ ” လို့ George Washington တက္ကသိုလ်က စာရေးဆရာတဦးဖြစ်တဲ့ Ploy Achakulwisut ကဆိုပါတယ်။
လန်ဒန်မှာ Ultra-Low Emission ဆိုတဲ့ ဇုန်တွေကို ပြုလုပ်ထားပြီး အဲဒီဇုန်တွေထဲမှာ ကားအဟောင်းတွေနဲ့ လေထုကို ညစ်ညမ်းစေတဲ့ ကားတွေကို ပေါင် ၁၂.၅ ပေါင် ဒဏ်ရိုက်တာပဲ ဖြစ်ပါတယ်။
Ref;mirror