စီးပွားရေး လုပ်ငန်းရှင်များထံမှ နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ် တို့ထံ ပေးပို့လာသည့် ကျန်းမာရေး စောင့် ရှောက်မှု လက်မှတ်များ (Medical Check up comprehensive voucher) ကို လက်ခံမည် မဟုတ်ဘဲ ပေးပို့သူများ ထံသို့ ပြန်လည် ပေးပို့လျက် ရှိကြောင်း သတင်း ရရှိသည်။
၂၀၁၉ ခုနှစ် မတ်လ အတွင်းက သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အတွက်ဟု ဆိုကာ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အာယု ဆေးရုံတွင် ဆေးစစ်မှု ပြုလုပ်နိုင် သည့် Medical Check up comprehensive voucher များကို Orchid ဟိုတယ် ပိုင်ရှင် ဦးဌေးအောင်မှ ပေးပို့ခဲ့သည် ဟု သိရသည်။
ယင်းလက်မှတ်များကို သက်ဆိုင်သူ ဦးဌေးအောင်ထံသို့ ပြန်လည် ပေးပို့ပေးမည် ဖြစ်ကြောင်း၊ သမ္မတထံမှ ပြန်လည် ပေးပို့မှုမှာ ကာယယံရှင် ဖြစ်သူထံ ရောက်ရှိသွားပြီ ဖြစ်သလို အတိုင်ပင်ခံထံမှလည်း ပြန်လည် ပေးပို့လိုက်ပြီ ဖြစ် ကြောင်း သမ္မတရုံး အရာရှိ တဦးက ဧရာဝတီသို့ အတည်ပြုသည်။
ပြီးခဲ့သည့် မတ်လက ရန်ကုန်မြို့မှ အာယု ဆေးရုံ ဖွင့်ပွဲတွင် တက်ရောက်လာသူများကို Medical Check up ဘောင် ချာများ ရောင်းချ သဖြင့် မိဘများ အတွက် ဝယ်ယူရင်းဖြင့် နိုင်ငံတော် အကြီးအကဲများ၏ ကျန်းမာရေးကို စိုးရိမ် စိတ်ဖြင့် စေတနာထားကာ ဝယ်ယူ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း Orchid ဟိုတယ် ပိုင်ရှင် ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။
“ဘောင်ချာ တစောင်ကို အမေရိကန် ဒေါ်လာ ၅၀၀ ပေါ့။ မြန်မာငွေနဲ့ ဆိုရင် ၇ သိန်းကျော်လောက် တန်ပါတယ်။ လာဘ်ထိုးတာမျိုး လုံးဝ မဟုတ်ပါဘူး။ နိုင်ငံ အကြီးအကဲတွေကို နိုင်ငံတော်က ကျန်းမာရေး စောင့်ရှောက်မှု ပေးနေ တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် Second Plan၊ Second Choice ရှိစေချင်လို့ပါ” ဟု ၎င်းက ရှင်းပြသည်။
ဦးဌေးအောင်သည် စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်၍ လစဉ်လည်း သိန်း ၃၀၀ ခန့် အလှူလုပ်နေသလို အစိုးရ အဆက်ဆက် လက်ထက်တွင် နိုင်ငံ အကြီးအကဲများ၊ အစိုးရ တာဝန်ရှိသူများကို အကြိမ်များစွာ နိုင်ငံခြားတွင် ဆေးစစ် ပေးခဲ့ ဖူးကြောင်း၊ ၎င်း၏ မိသားစုဝင်များ၊ ကျန်းမာရေး စရိတ် မတတ်နိုင်သူများစွာကိုလည်း ဆေးစစ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှုများကို ယခင်ကလည်း ပေးခဲ့သလို ယခုလည်း ပေးနေဆဲဖြစ်ကြောင်း ပြောသည်။
ဦးဌေးအောင်က “ပြီးခဲ့တဲ့ ၂ ပတ်လောက်ကမှ သမ္မတနဲ့ အတိုင်ပင်ခံ ဆီကို အတူ ပို့လိုက်တာပါ။ သမ္မတကြီးကတော့ အခုလို ပြန်ပို့လာပြီ ဆိုတော့ ဒီပုံစံအတိုင်း ဆိုရင် အတိုင်ပင်ခံကလည်း လက်ခံမယ် မထင်ပါဘူး”ဟု ဧရာဝတီသို့ ပြော ဆိုသည်။
အစိုးရ ရာထူး၊ အာဏာရှိသူများကို နိုင်ငံခြားသို့ ဆေးကုသခွင့်ပေးခြင်းသည် ခေတ်အဆက်ဆက်တွင် ရှိခဲ့ပြီး ယနေ့ အချိန်ထိလည်း ရှိနေဆဲ ဖြစ်ရာ ယခုပုံစံသည် သွယ်ဝိုက်၍ လာဘ်ထိုးသလို ဖြစ်နေကြောင်း၊ နိုင်ငံခြား ခရီးစဉ် သွား ရောက်ပြီး ဆေးစစ်ခြင်းမှာ ကုန်ကျစရိတ် များပြားကြောင်း ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောသည်။
“လက်ရှိ အစိုးရ သတ်မှတ်ထားတဲ့ လက်ဆောင် ပစ္စည်း နှုန်းထားနဲ့ စာရင် အများကြီး များနေတာပေါ့။ တချို့ ကတော့ ချက်ချင်းတော့လည်း အပြန်အလှန် လဲလှယ်တာမျိုးတော့ မဟုတ်ဘူး။ ကြိုလမ်းခင်းထားတဲ့ ပုံစံ၊ ရင်းနှီးမှုရအောင် လုပ်ထားတာပေါ့။ အခုလည်း ရှိနေတုန်းပဲ။ အခု သမ္မတ ကိုယ်တိုင်တောင် ပြန်ပို့ပြီ ဆိုတော့ ကောင်းပါတယ်။ ကိုယ်တိုင် လုပ်ပြမှ ကျန်တဲ့သူလည်း လိုက်လုပ်ဖို့ တိုက်တွန်းသလို ဖြစ်သွားတာပေါ့”ဟု ၎င်းက ဆိုသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က မြန်မာကျပ်ငွေ ၂၅၀၀၀ ထက် ပို၍ တန်ဖိုးရှိသည့် လက်ဆောင် ပစ္စည်းများ၊ အခွင့်အရေးများကို လက်မခံရန် ပါတီဝင်များကို ညွှန်ကြားချက် ပေးထားကြောင်း၊ သို့သော် သြင်္ကန် ကာလ၊ သီတင်းကျွတ် ကာလမျိုးတွင် အကျိုးအကြောင်း ညီသည့် ကန်တော့မှုများကိုမူ လက်ခံနိုင်ကြောင်း ယင်းပါတီ ၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။
နိုင်ငံတော် အကြီးအကဲများကို နေပြည်တော်တွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက် ရှိပြီး လွှတ်တော် ကိုယ်စားလှယ်များကိုလည်း ၂၀၁၈ ခုနှစ်ထဲတွင် ကျန်းမာရေး စစ်ဆေးမှုများကို နေပြည် တော် ခုတင် ၁၀၀၀ ဆေးရုံ၌ ပြုလုပ်ပေးခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို နေအိမ် အကျယ်ချုပ်ကာလက ၎င်း၏ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းက တာဝန်ယူပေးခဲ့ရပြီး ယခုအခါ နေပြည်တော်တွင်မူ အစိုးရက တာဝန်ယူ၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိသည်။