နားဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲမှာ တခုအပါအဝင်ဖြစ်ပြီး အခုလို သြင်္ကန်ကာလ အပြီးမှာတော့ နားထဲ ရေဝင်ရာကနေတဆင့် နားအတွင်း ရောဂါပိုးတွေ ဝင်လာနိုင်ပါတယ်။
မသန့်ရှင်းတဲ့ ရေတွေကြောင့် နားအတွင်း ရောဂါပိုးဝင်ရာကနေ နားအတွင်းနံရံ ရောင်ရမ်းလာပြီး နားကိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို သြင်္ကန်မှာ နားထဲ ရေဝင်ရာကနေ နားကျန်းမာရေး ပြဿနာတွေ မဖြစ်ပေါ်စေဖို့အတွက် ပြုလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) နားထဲ ရေဝင်တဲ့ ဖက်ကို ခေါင်းစောင်းထားပြီး နားကို လက်ဖဝါးနဲ့ တင်းကြပ်နေအောင် ၅ စက္ကန့်လောက်ဖိထားပေးပါ။ ပြီးရင်တော့ ဖိထားတဲ့ လက်ဖဝါးကို ပြန်လွှတ်ပြီး ဒီနည်းလမ်းအတိုင်း နားထဲက ရေမထွက်မချင်း ပြုလုပ်ပေးနိုင်ပါတယ်။
(၂) ဆံပင်အခြောက်ခံတဲ့ Dryer ကို နားနဲ့ ၁၀ လက်မ အကွာလောက်ကနေ ထားပြီး စက္ကန့် ၃၀ ကြာ မှုတ်ပေးပါ။ Dryer ရဲ့ အပူချိန်ကို အနိမ့်ဆုံးမှာ ထားပြီးမှ မှုတ်ပေးရမှာ ဖြစ်ပြီး ဒီနည်းလမ်းအတိုင်းကိုပဲ လိုအပ်တဲ့အထိ ပြုလုပ်ပေးနိုင်ပါတယ်။
(၃) ရေခပ်နွေးနွေးထဲကို အဝတ်စ သန့်သန့်တခု နှစ်ပြီးစိမ်ထားတဲ့ အဝတ်စနဲ့ နားတဝိုက်ကို ကပ်ထားပေးလို့ရပါတယ်။ စက္ကန့် ၃၀ လောက်ထားပြီး ၃ ကြိမ်ခန့် ဆက်တိုင်ပြုလုပ်ပေးပြီးမှ နားကို တဖက်စောင်းလိုက်ခြင်းအားဖြင့် နားထဲကရေတွေ ထွက်ကျလာနိုင်ပါတယ်။ နားတဝိုက်က အညစ်အကြေးတွေကို ဒီအဝတ်စနဲ့ပဲ သန့်ရှင်းရေးပြုလုပ်ပေးခြင်းဟာ နားထဲရေဝင်ရာကနေ နားကိုက်ခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်မှာ ဖြစ်ပါတယ်။
(၄) ရေသန့်အေးအေးနဲ့လည်း နားထဲရေဝင်ပြီး နားကိုက်ခြင်းကို သက်သာအောင် ပြုလုပ်လို့ ရပါတယ်။ ရေခပ်အေးအေးထဲကို အဝတ်စသန့်သန့်စိမ်ပြီး နားတဝိုက်ကို ကပ်ပေးခြင်းအားဖြင့် နားကိုက်ခြင်းကို သက်သာစေမှာပါ။
(၅) အိမ်သုံးဆားကို အပူပေးပြီး အဝတ်စ သန့်သန့်တခုနဲ့ ထုပ်ထားပေးပါ။ ပြီးရင်တော့ ရေဝင်တဲ့ နားပေါ်ကို ၁ မိနစ်ခန့်ကြာအောင် ဖိပြီး ကြပ်ထုပ်ထိုးပေးရမှာ ဖြစ်ပါတယ်။ အိမ်သုံးဆားဟာ ရေစုပ်ယူနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဒီနည်းလမ်းကလည်း နားထဲရေဝင်ခြင်းအတွက် အသုံးတည့်စေမှာ ဖြစ်ပါတယ်။
Ref. www.medicalnewstoay.com