မိတ်ဆွေ သူငယ်ချင်းတွေ တယောက်နဲ့ တယောက် ပွေ့ဖက်တာဟာ အားကောင်းတဲ့ ရင်းနှီးမှုကို ဖော်ပြတဲ့ နည်းလမ်းတခုလို့ ဆိုနိုင်ပါတယ်။ တယောက်နဲ့ တယောက် ယုံကြည်မှုရှိမှသာ ဖက်ဖို့ အတွက် အဆင်ပြေမှာလည်း ဖြစ်ပါတယ်။
ပွေ့ဖက်တဲ့ အချိန်မှာ ခန္ဓာကိုယ်က Oxytocin ကို ထုတ်ပေးတဲ့ အတွက် ပျော်ရွှင်ခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေကို ရနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် မိတ်ဆွေ အချင်းချင်း ဖက်ခြင်းကြောင့် ရလာမယ့် ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အထီးကျန်မှုကို ပြေပျောက်စေခြင်း
မိတ်ဆွေတွေ တွေ့တဲ့ အခါ ရင်းရင်းနှီးနှီး ဖက်ခြင်းဟာ အထီးကျန်မှုကို ပြေပျောက်စေတယ်လို့ သိရပါတယ်။ ရက်ရှည် အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေရသူတွေ အနေနဲ့ ဖက်လုံး ခပ်လေးလေး တလုံးကို ဖက်ပြီး အိပ်မယ်ဆိုရင် အထီးကျန်တာတွေ အနည်းနဲ့အများ သက်သာနိုင်ပြီး အိပ်ပျော်လာနိုင်တယ်လို့ ကုထုံးတွေ အရ သိရပါတယ်။
(၂) ကြောက်စိတ်ကို လျော့ချနိုင်ခြင်း
လူသားတယောက်အနေနဲ့ လူတိုင်းဟာ သေရမှာကို သိပြီး လက်ခံထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ရုတ်တရက် တွေ့ကြုံလာရတဲ့ ဘေးနဲ့ ကြုံတွေ့ရင်တော့ အနည်းနဲ့ အများ ဆိုသလို ကြောက်ရွံကြတာချည်း ဖြစ်ပါတယ်။ ဒီလို ကြောက်စိတ်တွေ ဖြစ်ပေါ်နေချိန်မှာ တယောက်နဲ့ တယောက် ဖက်လိုက်ခြင်းဟာလည်း ကြောက်စိတ်ကို လျော့ချပေးနိုင်တယ်လို့ သိရပါတယ်။
(၃) အစား အလွန်အကျွံစားခြင်းကို လျော့ချပေးခြင်း
လူတော်တော်များများဟာ စိတ်ညစ်တဲ့ အခါမှာ စိတ်ညစ်မှုကို ပြေပျောက်သွားစေဖို့ အတွက် အစားစားခြင်းနဲ့ စိတ်ကို ဖြေသိမ့်လေ့ရှိကြပါတယ်။ အစားစားလိုက်တဲ့ အခါ ခန္ဓာကိုယ်က ထုတ်ပေးတဲ့ ပျော်ရွှင်မှုမျိုးကို ဖက်ခြင်းကြောင့်လည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးတာတွေ စိတ်ညစ်တာတွေ များတဲ့ အချိန်မှာ တယောက်ယောက်ကို ဖက်ခြင်းက အကောင်းဆုံး ကုသနည်းပဲ ဖြစ်ပါတယ်။
(၄) ချစ်ခြင်းကို ခိုင်မြဲစေခြင်း
မြန်မာနိုင်ငံက မိဘတော်တော်များများဟာ သားသမီးတွေ ကြီးပြင်းလာတဲ့ အခါ ကိုယ့်ရဲ့ လက်တွဲဖော်ကို ချစ်ကြောင်း ပြတာတွေ လျော့နည်းလာပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ လက်တွဲဖော်ကို ချစ်ကြောင်းပြောတာဟာ ရှက်စရာမဟုတ်တာကို နားလည်ဖို့ လိုပါတယ်။ ဒီလို ချစ်ခြင်း တရားကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းကတော့ တယောက်နဲ့ တယောက် ဖက်တာပဲ ဖြစ်ပါတယ်။ ဒီလို ဖက်ခြင်းကြောင့် စိတ်ချင်းနီးကပ်မှုတွေ ဖြစ်စေပြီး ချစ်ခြင်းကို ခိုင်မြဲစေပါတယ်။
Ref; theepochtimes