အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးစေနိုင်တဲ့ အစားအစာများ
အသားအရေကို ဘယ်လို အလှကုန်ပစ္စည်းတွေနဲ့ပဲ ထိန်းသိမ်းပါစေ၊ နေထိုင် စားသောက်မှု ပုံစံ မှားယွင်းနေရင်လည်း အသားအရေဟာ ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့်မို့လို အလှအပရေးရာ စိတ်ဝင်စားကြတဲ့ ပျိုမေတွေ သတိပြုဆင်ခြင်နိုင်စေဖို့အတွက် အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) ဆား
ဆားစားသုံးမှု များခြင်းဟာ ကျန်းမာရေးအတွက်လည်း မသင့်တော်သလို အလှအပအတွက်လည်း အထောက်အကူ မဖြစ်စေပါဘူး။ ဆားစားသုံးမှု များခြင်းဟာ ဝက်ခြံအပါအဝင် အသားအရေ ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပြီး မျက်နှာဖောင်းအစ်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါသေးတယ်။
(၂) နို့ထွက်ပစ္စည်းများ
လေ့လာချက်တွေအရ နို့နဲ့နို့ထွက်ပစ္စည်း စားသုံးမှုများခြင်းဟာ အဆီဓာတ်ကို ပိုမိုထုတ်လွှတ်ပေးတာကြောင့် ဝက်ခြံနဲ့ ချွေးပေါက်ကျယ်ခြင်းကို ဖြစ်ပေါ်စေပြီး မျက်အိတ်တွဲကျခြင်း၊ အမည်းစက်၊ ဆားဝက်ခြံနဲ့ အရေးအကြောင်းတွေကို ပိုမို ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။
(၃) သကြား
အိုမင်းရင့်ရော်မှုနှုန်းကို မြန်ဆန်စေတဲ့ အစားအစာတွေထဲမှာ သကြားဟာ အဓိကပါဝင်တာကြောင့် ရုပ်ရင့်စေခြင်း၊ အရေးအကြောင်းများ ထွက်ပေါ်စေခြင်းနဲ့ အသားအရေ မွဲခြောက်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။
(၄) ဆိုဒါ ပါဝင်တဲ့ အချိုရည်များ
ဆိုဒါပါဝင်တဲ့ အချိုရည်တွေမှာဆိုရင်လည်း သကြားဓာတ်မြင့်မားစွာ ပါဝင်တာကြောင့် အသားအရေ ထိန်းသိမ်းပေးတဲ့ ဆဲလ်တွေကို ပျက်စီးစေပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။
(၅) အယ်လ်ကိုဟော
အယ်လ်ကိုဟော ပါဝင်တဲ့ အရက်၊ဘီယာ စတာတွေဟာ အသားအရေကို ဆိုးဆိုးရွားရွားနဲ့ လျင်လျင်မြန်မြန် ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ မျက်နှာအသားအရေ အရောင် မညီညာခြင်း၊ မျက်အိတ်တွဲကျခြင်း၊ မျက်လုံးတဝိုက် အရေးအကြောင်းများ ဖြစ်ပေါ်ခြင်း စတာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Ref. timesofindia.com