အသည်းဟာ ခန္ဓာကိုယ်မှာ အကြီးဆုံး အစိတ်အပိုင်းတခုဖြစ်ပြီး အရေးကြီးတဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ သင့်ရဲ့ နေ့စဉ်လုပ်ဆောင်နေတဲ့ အရာတွေက အသည်းကို မသိမသာ ပျက်စီးစေတာတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အသည်းကို မသိမသာ ပျက်စီးစေတဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အရက် အလွန်သောက်ခြင်း
အရက် အလွန်အကျွံသောက်ခြင်းဟာ ခန္ဓာကိုယ်ကို ထိခိုက်စေမှန်း အားလုံးသိပြီး ဖြစ်မှာပါ။ ဒါပေမဲ့ အဓိက ထိခိုက်တဲ့ နေရာကတော့ အသည်းပဲ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး လူတယောက်အနေနဲ့ အရက်ကို အကန့်အသတ်နဲ့သာ သောက်သင့်ပြီး မိသားစုဝင်ထဲမှာ အသည်းနဲ့ သက်ဆိုင်တဲ့ ရောဂါဖြစ်ပွားဖူးသူ ရှိနေရင် ပိုပြီး ရှောင်ကြဉ်သင့်ပါတယ်။
(၂) ရေအလုံအလောက် မသောက်ခြင်း
တနေ့ကို ရေ ၈ ခွက် သောက်ရမယ်ဆိုတာကို ကြားဖူးပြီး ဖြစ်မှာပါ။ ၈ ခွက်ဆိုတာ များလွန်းတယ် ထင်ရပေမယ့် ရာသီဥတုကို လိုက်ပြီး သောက်ဖို့ လိုအပ်ပါတယ်။ နွေရာသီမှာဆိုရင် ရေဓာတ်ပိုပြီး ဆုံးရှုံးလွယ်တာကြောင့် ပိုသောက်သင့်ပါတယ်။ ရေကို အလုံအလောက် မသောက်ခြင်းဟာ အသည်းကို ထိခိုက်စေတယ်လို့ သိရပါတယ်။
(၃) ဆေးလိပ်သောက်ခြင်း
အမေရိကန် တနိုင်ငံတည်းမှာပဲ ဆေးလိပ်သောက်ပြီး သေဆုံးသူ ၄ သိန်း ၈ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ စိတ်ဖိစီးမှုနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ဖြစ်ပွားစေပြီး စိတ်ဖိစီးမှုကြောင့် အသည်းကို ထိခိုက်စေပါတယ်။ စိတ်ဖိစီးမှုတွေဟာ ဆေးလိပ်ကြောင့် မဟုတ်ဘဲ အလုပ်မှာ ပင်ပန်းတာတွေကြောင့်လည်း ဖြစ်နိုင်ပြီး အသည်းကို ထိခိုက်စေတယ်လို့ သိရပါတယ်။
(၄) အဝလွန်ခြင်း
အဝလွန်ခြင်းဟာလည်း အသည်းရောဂါကို ဖြစ်စေပါတယ်။ NAFLD လို့ ခေါ်တဲ့ အရက်မသောက်ဘဲ အဝလွန်သူတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အသည်းရောဂါ ဖြစ်ပွားလေ့ရှိပါတယ်။ အဝလွန်သူတွေဟာ အရက်မသောက်ပေမယ့်လည်း အရက်သောက်သူတွေနဲ့ တူညီတဲ့ အသည်း ရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
Ref;RD