အမေရိကန်နိုင်ငံမှာ နှလုံးရောဂါဟာ အဖြစ်အများဆုံး ရောဂါတခုဖြစ်ပါတယ်။ အမျိုးသားတွေက နှလုံးရောဂါ ဖြစ်လေ့ရှိပေမယ့် အမျိုးသမီးတွေကတော့ ပိုပြီး အဖြစ်များသလို သေဆုံးမှုလည်း ပိုများတယ်လို့ သိရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ သိသင့်တဲ့ နှလုံးရောဂါ ဖြစ်ပွားမှုပုံစံများကို ဖော်ပြပေးချင်ပါတယ်။
(၁) နှလုံးရောဂါဟာ သိမ်မွေ့ပါတယ်
အမျိုးသားတွေဟာ နှလုံးနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကို သိသိသာသာ ခံစားရပေမယ့် အမျိုးသမီးတွေမှာတော့ တခါတလေ လက္ခဏာတွေကို မပြတတ်ပါဘူး။ အမျိုးသားတွေဟာ နှလုံးရောဂါကို ခံစားနေရရင် ပြင်းပြင်းထန်ထန် ရင်ဘတ်အောင့်တာမျိုးတွေ ဖြစ်တတ်ပေမယ့် အမျိုးသမီးတွေကတော့ အသက်ရှုရခက်ခြင်း၊ ဝမ်းဗိုက်အတွင်းပိုင်း နာခြင်း၊ ခေါင်းမူးခြင်းနဲ့ အလွန်အမင်း ပင်ပန်းခြင်း စတဲ့ လက္ခဏာတွေကို ခံစားရလေ့ရှိတာဖြစ်လို့ ကိုယ့်ကိုယ်ကို နှလုံးရောဂါဖြစ်နေမှန်း မသိတာတွေ ဖြစ်လေ့ရှိပါတယ်။
(၂) ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းများ
အမျိုးသမီးတွေဟာ လုပ်ငန်းခွင်မှာ ရှိတဲ့ ဖိအားတွေကြောင့် နှလုံးရောဂါ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အမျိုးသမီး ၅၇ ရာခိုင်နှုန်းဟာ လုပ်ငန်းခွင်ထဲမှာ ရှိတဲ့ စိတ်ဖိစီးစရာတွေကြောင့် ပြင်းထန်တဲ့ နှလုံးရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ ကွာခြားတာကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး နှလုံးရောဂါ ဖြစ်လေ့ရှိတာပါ။
(၃) အိပ်စက်ခြင်း ဆိုင်ရာ ပြဿနာများ
အိပ်တဲ့ အချိန်မှာ ရုတ်တရက် အသက်ရှုရခက်တဲ့ ပြဿနာတွေက အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်လေ့ရှိပြီး အမျိုးသမီးတွေက သေဆုံးမှု ပိုများပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်တဲ့ အခါ အမျိုးသမီးတွေဟာ ရုတ်တရက် နှလုံးခုန်မြန်လွန်းခြင်း ဖြစ်တတ်ပြီး သေဆုံးနိုင်ချေ ပိုမြင့်ပါတယ်။
(၄) ပွင့်လင်းမှု မရှိခြင်း
အမျိုးသမီးတွေရဲ့ ၅၅ ရာခိုင်နှုန်းဟာ ဆရာဝန်တွေနဲ့ တွေ့တဲ့အခါ ခံစားနေရတဲ့ ဝေဒနာတွေကို ပွင့်ပွင့်လင်းလင်း ပြောပြလေ့မရှိဘူးလို့ သိရပါတယ်။ ဆရာဝန်တွေကတော့ အမျိုးသမီးတွေ အနေနဲ့ ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ ဝေဒနာတွေကို ခံစားနေရတယ်ဆိုရင် မေးဖို့နဲ့ အန္တရာယ်ရှိတဲ့ ရောဂါတွေ ဖြစ်နေနိုင်တာကြောင့် ဂရုစိုက်ဖို့ တိုက်တွန်းထားပါတယ်။
Ref;Rd