လျှာမှာဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ လျှာရဲ့အရောင်ကို ကြည့်ပြီး သင့်ကျန်းမာရေး အခြေအနေကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်း သိရှိနိုင်ပါတယ်။ မနက်မိုးလင်း သွားမတိုက်ခင်အချိန်မှာ လျှာကိုပုံမှန်အတိုင်း ထုတ်ပြီး ကြည့်ခြင်းအားဖြင့် သင့်ရဲ့လတ်တလော ကျန်းမာရေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို သိနိုင်မှာဖြစ်တာကြောင့် ကျန်းမာရေး ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) လျှာမှာ အဖြူရောင် အစင်းအကွက်တွေ ဖြစ်နေမယ်
လျှာမှာ အဖြူရောင် အစင်းအကွက်တွေ ဖြစ်နေရင်တော့ ဒါဟာ ကိုယ်ခံအားစနစ်အားနည်းနေတယ်လို့ သိနိုင်ပြီး ပိုးသတ်ဆေးနဲ့ ဆေးဝါးတွေ ရေရှည် စွဲမြဲသောက်သုံးတဲ့ အခါမျိုးမှာလည်း ဒီလိုဖြစ်ပေါ်တတ်ပါတယ်။ ဆေးလိပ် အသောက်များတဲ့သူတွေမှာလည်း ဒီလိုလက္ခဏာမျိုးဖြစ်ပေါ်တတ်ပြီး ဒီအဖြူရောင် အစင်းအကွက်တွေက နာကျင်တာမျိုးခံစားရရင်တော့ ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။
(၂) လျှာက နီရဲနေမယ်
စတော်ဘယ်ရီလိုမျိုး သင့်လျှာက နီရဲနေမယ်ဆိုရင်တော့ ဒါဟာ သံဓာတ်နဲ့ ဗီတာမင် B12 ချို့တဲ့နေကြောင်း ပြသနေတာပါ။ အပူအစပ် အစားများသူတွေရဲ့ လျှာဟာလည်း နီရဲနေတတ်ပြီး သက်သတ်လွတ် အစားများသူတွေမှာလည်း ဒီလိုမျိုး ဖြစ်ပေါ်တတ်တာကြောင့် သံဓာတ်နဲ့ ဗီတာမင်တွေ မျှတအောင် စားသုံးသင့်ပါတယ်။
(၃) လျှာမှာ အဖုငယ်လေးတွေ ပေါက်မယ်
လျှာမှာ အဖုငယ်လေးတွေ ပေါက်နေခြင်းဟာ ကျန်းမာရေးအတွက် စိုးရိမ်စရာ မရှိပေမယ့် ရောင်ရမ်းနာကျင်တာမျိုးနဲ့ ယားယံတာမျိုး ခံစားရရင်တော့ ဆရာဝန်နဲ့ သွားရောက် ပြသသင့်ပါတယ်။
(၄) လျှာမှာ အရေးအကြောင်းတွေ ဖြစ်နေမယ်
အသက်အရွယ်ကြောင့် လျှာမှာအရေးအကြောင်းတွေနဲ့ ကွဲအက်တာမျိုး ဖြစ်ပေါ်တာကတော့ ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိပေမယ့် ခံတွင်းသန့်ရှင်းရေး အားနည်းတဲ့အခါမျိုးမှာ ဖြစ်ပေါ်တတ်တာကြောင့် ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်သင့်ပါတယ်။
(၅) လျှာက အညိုရောင်သမ်းနေမယ်
ကျန်းမာရေးအတွက်တော့ စိုးရိမ်စရာ မရှိပေမယ့် ကော်ဖီ အသောက်များတဲ့သူတွေမှာ ဖြစ်ပေါ်တတ်ပြီး ခံတွင်းသန့်ရှင်းရေး အားနည်းတဲ့အခါမျိုးမှာလည်း ဖြစ်တတ်တာကြောင့် လျှာကို သေချာသန့်ရှင်းရေးလုပ်သင့်ပါတယ်။
Ref. www.rd.com