ဗီတာမင်ဒီ ဓာတ်ဟာ အရိုးအဆစ်တွေ သန်မာမှုကို ဖြစ်ပေါ်စေတဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ထောက်ပံ့ပေးသလို ခန္ဓာကိုယ် ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေတာကြောင့် အရေးကြီးတဲ့ ဗီတာမင် ဓာတ်တမျိုးဖြစ်ပါတယ်။ ဗီတာမင်ဒီ ဓာတ်ကို အဓိကအားဖြင့် အစားအစာ၊ ဗီတာမင် ဖြည့်စွက်ဆေးဝါးတွေနဲ့ နေရောင်ခြည်ကနေ ရရှိပြီး ဗီတာမင်ဒီဓာတ် ချို့တဲ့တဲ့အခါ အခုဖော်ပြပေးမယ့် လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
(၁) ခေါင်းချွေးထွက် များခြင်း
ခန္ဓာကိုယ် တခုလုံးမှာမှ ဦးခေါင်းပိုင်းဟာ သာမန်ထက်ပိုပြီး ချွေးထွက်များနေတယ်ဆိုရင်တော့ ဒါဟာ ဗီတာမင်ဒီ ချို့တဲ့နေကြောင်း ပြသနေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။
(၂) အရိုးအဆစ်များ သန်မာမှု မရှိခြင်း
ဗီတာမင်ဒီဟာ အရိုးတည်ဆောက်ပေးတဲ့အခါ အထောက်အကူ အများဆုံးပေးနိုင်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို အူထဲကနေ ခန္ဓာကိုယ်အတွင်း စုပ်ယူနိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။ ဗီတာမင်ဒီ ချို့တဲ့တဲ့အခါ အရိုးပျော့ရောဂါ၊ အရိုးပွရောဂါ၊ အရိုးပါးရောဂါတွေ ဖြစ်စေနိုင်တဲ့အပြင် အရိုးကျိုးလွယ်ခြင်းတွေကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) မကြာခဏဖျားနာခြင်း
ဗီတာမင်ဒီဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် ဗီတာမင်ဒီဓာတ် ချို့တဲ့တဲ့အခါ ရာသီတုပ်ကွေး အပါအဝင် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။
(၄) ဆံပင်ကျွတ်ခြင်း
ဗီတာမင်ဒီဓာတ်ဟာ ဆံကေသာကို သန်စွမ်းကျန်းမာစေနိုင်တဲ့ အဓိက ဓာတ်တမျိုးဖြစ်တာကြောင့် ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းများစွာထဲမှာ ဗီတာမင်ဒီဓာတ် ချို့တဲ့ခြင်းဟာလည်း တခု အပါအဝင်ဖြစ်ပါတယ်။
(၅) စိုးရိမ်ပူပန်မှုများခြင်းနဲ့ စိတ်ဓာတ်ကျခြင်း
ဗီတာမင်ဒီဟာ ခန္ဓာကိုယ်တွင်း လုပ်ဆောင်မှုတွေမှာသာမက ဦးနှောက်နဲ့ အာရုံကြောစနစ်မှာလည်း အရေးပါတဲ့ ဓာတ်တမျိုးဖြစ်ပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ကောင်းမွန်စေတဲ့ Dopamine နဲ့ Serotonin ဓာတ်တွေကို ဗီတာမင်ဒီပါဝင်တဲ့ အစားအစာတွေ စားသောက်ခြင်းက ဖြည့်တင်းပေးနိုင်ပြီး လေ့လာသူတွေရဲ့အဆိုအရ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေဟာ ဗီတာမင်ဒီချို့တဲ့ခြင်းနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။
Ref. brightside.me