လေဖြတ်ရောဂါဟာ အခုနောက်ပိုင်းနှစ်တွေမှာ ဖြစ်ပွားမှုနှုန်းလည်း များသလို အသေအပျောက်လည်း များတဲ့ ရောဂါတခု ဖြစ်ပါတယ်။ အသက် ကြီးငယ်မရွေးမှာ ဖြစ်ပေါ်တတ်တဲ့ လေဖြတ်ရောဂါဟာ ဦးနှောက်တွင်းရှိ သွေးကြောမျှင်ငယ်တွေ ပိတ်ဆို့ခြင်း (သို့မဟုတ်) ပေါက်ပြဲခြင်း၊ ဦးနှောက်တွင်းသို့ သွေးကနေတဆင့် ပို့ဆောင်ပေးတဲ့ အောက်ဆီဂျင် ပြတ်လပ်သွားတဲ့အခါမျိုးမျာ ဦးနှောက်ဆဲလ်များ သေဆုံးသွားခြင်းတို့ကြောင့် ဖြစ်ပေါ်လာရတာပါ။
အခုဖော်ပြပေးမှာကတော့ လန်ဒန်မှာနေထိုင်တဲ့ အသက် ၂၃ နှစ်အရွယ် Natalie Kunicki ဆိုတဲ့ အမျိုးသမီးဟာ အိပ်ရာပေါ်မှာ တီဗီကြည့်ရင်းကနေ လည်ပင်းညောင်းညာမှုကြောင့် လည်ပင်းအကြောဆန့်ရာကနေ ရုတ်တရက်ဆိုသလို လေဖြတ်သွားခဲ့တဲ့ သတိပြုဖွယ် ကျန်းမာရေး သတင်းတပုဒ်ပဲ ဖြစ်ပါတယ်။
အိပ်ရာပေါ်မှာ အိပ်နေရင်း တီဗီကြည့်နေတဲ့ သူမဟာ လည်ပင်းအကြောဆန့်လိုက်ရာကနေ လည်ပင်းဆီက ဒေါက်ခနဲ ကျယ်ကျယ်လောင်လောင် အသံတချက်ကြားရပြီး ၁၅ မိနစ်ခန့်အကြာမှာတော့ ဘယ်ဘက်ခြေထောက်တဖက် လှုပ်မရ ဖြစ်ခဲ့ပါတယ်။
ဆေးရုံရောက်တဲ့အခါမှာတော့ သူမဟာ လေဖြတ်သွားတာလို့ ဆရာဝန်ကဆိုပြီး အကြောင်းရင်းကတော့ ရုတ်တရက်ဆိုသလို လည်ပင်းအကြောဆန့်လိုက်ခြင်းဟာ သွေးကြောငယ်တွေရဲ့ ပုံစံကို ပြောင်းသွားစေပြီး အာရုံကြောကို ဖျက်ဆီးလိုက်သလို ဖြစ်တာကြောင့် လေဖြတ်သွားရခြင်းဖြစ်ပါတယ်။
ဒါနဲ့ပက်သက်ပြီး ဒေါက်တာ Michelle Collie က “ ဒီလို ရုတ်တရက်ဆိုသလို လေဖြတ်သွားရတာဟာ ဖြစ်တောင့်ဖြစ်ခဲ့ ကိစ္စဆိုပေမယ့် မပေါ့ဆသင့်တဲ့ အရာတခုပါ၊ လူတော်တော်များများဟာ တီဗီကြည့်နေတုန်းမှာပဲဖြစ်ဖြစ်၊ ကွန်ပျူတာကြည့်နေတုန်းမှာဖြစ်ဖြစ် လည်ပင်းကို ဟိုဘက်ဒီဘက်လှည့်တာမျိုးနဲ့ စက်ဝိုင်းပုံလှည့်ပြီးတော့ လည်ပင်းအကြောဆန့်တတ်ကြပါတယ်”
“တချို့လူတွေဆို လည်ပင်းကနေ ဂျွတ်ခနဲ အသံမြည်မှ အားရတတ်သူတွေတောင် ရှိကြပါတယ်။ ဒီလိုမျိုး ပြုလုပ်ခြင်းဟာ ဦးနှောက်တွင်းကို သွေးနဲ့အောက်ဆီဂျင်စီးဆင်းမှု ပိတ်ဆို့လိုက်သလို ဖြစ်တာကြောင့် ရုတ်တရက် လေဖြတ်သွားတာမျိုး ဖြစ်နိုင်တဲ့အပြင် လေဖြတ်ရောဂါ ဖြစ်လာနိုင်ခြေတွေကို မြင့်တက်စေတာမျိုးအထိ ဖြစ်နိုင်တာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ Natalie Kunicki ဟာ ခန္ဓာကိုယ် ဘယ်ဘက်တခြမ်း လေဖြတ်သွားခြင်းကို ကုသမှု ခံယူနေပြီး ပြန်လည် သက်သာလာနေပြီလို့လည်း သိရပါတယ်။
Ref. www.insideedition.com