အမျိုးသမီးများ ဓမ္မတာလာနေစဉ်မှာ အသုံးပြုရတဲ့ ဆီလီကွန်ခွက်များ (Menstrual Cup) တွေ ရှိနေတာက ကြာပြီဖြစ်ပေမယ့် အသုံးများလာတာတော့ သိပ်မကြာသေးပါဘူး။ မြန်မာ့ဈေးကွက်ထဲကို စတင်ဝင်ရောက်နေပြီဖြစ်တဲ့ Menstrual Cup တွေကို အသုံးပြုနိုင်ဖို့ သိသင့်တာတွေကို ဖော်ပြပေးချင်ပါတယ်။
Menstrual Cup ဆိုတာ ဓမ္မတာလာနေစဉ်မှာ အသုံးပြုရတဲ့ ဆီလီကွန်ခွက်ဖြစ်ပြီး ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြုလုပ်ထားတဲ့ ခေါင်းလောင်းပုံ ခွက်ကလေးဖြစ်ပါတယ်။ ဆီလီကွန်၊ ရာဘာနဲ့ ပြုလုပ်ထားကြောင့် ပြန်လည် အသုံးပြုနိုင်ပါတယ်။ ဒီခွက်ကို အသုံးပြုမယ်ဆိုရင် အချိန် ၆ နာရီမှ ၁၂ နာရီအထိ အသုံးခံပါတယ်။ သွေးတွေ ပြည့်လာတဲ့အခါ သွန်ပြီး ဆေးလိုက်ရုံပါပဲ။ ဓမ္မတာ အနည်းအများအပေါ် မူတည်ပြီး ခွက်ကို သွန်ပေးရမှာ ဖြစ်ပါတယ်။
ဒီခွက်ကို အသုံးပြုရင် ရရှိနိုင်တဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။ Menstrual Cup ကို သုံးမယ်ဆိုရင် ပထမဆုံး သက်သာမှာကတော့ ငွေကြေးကုန်ကျမှုပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေ အနေနဲ့ တလတခါ ဓမ္မတာအတွက် အသုံးပြုရတဲ့ ငွေကြေးကလည်း မနည်းပါဘူး။
နောက်တခုကတော့ နေရထိုင်ရ အဆင်ပြေတာပါ။ ဓမ္မတာလာနေချိန်မှာ ပေါင်အတွင်းသားတွေ စိုပြီး နေရခက်တာမျိုးတွေ မရှိသလောက်နည်းသွားပါလိမ့်မယ်။ နောက်ပြီး အမှိုက်ရှင်းရတာလည်း သက်သာပါတယ်။ ပြန်လည် အသုံးပြုလို့ရတဲ့ Recycle ခွက်ဖြစ်တာကြောင့် အမှိုက်ထွက်မှု နည်းသွားပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးပြီးသား ဖြစ်ပါတယ်။
ဒီခွက်ကို သုံးတဲ့အခါ ကောင်းကျိုးတွေပဲ ရှိနေတယ်လို့ တထစ်ချ သတ်မှတ်လို့ မရပါဘူး။ ဆိုးကျိုးတွေကတော့ ပထမဆုံး အသုံးပြုတဲ့အချိန်မှာ မိန်းမကိုယ်အတွင်း ထည့်ရ၊ ထုတ်ရ ခက်ပါလိမ့်မယ်။ ရာသီသွေးများတဲ့ အမျိုးသမီးတွေ အတွက်တော့ ယိုစိမ့်တဲ့ ပြဿနာတွေက ရှိနေနိုင်ပါတယ်။ မိန်းမ ကိုယ်အတွင်းကို ထည့်ရမှာ ဖြစ်တဲ့အတွက် သန့်ရှင်းရေး ပြဿနာကလည်း အရေးကြီးပါသေးတယ်။ သန့်ရှင်း သပ်ရပ်အောင် မနေရင်တော့ ရောဂါပိုး ဝင်ရောက်နိုင်ချေ ရှိပါတယ်။
အကျဉ်းချုပ်အနေနဲ့ ဆိုရင်တော့ Menstrual Cup သုံးခြင်းက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပြီး အသုံးပြုတတ်သွားပြီဆိုရင် Pad သုံးရသလို အလုပ် မရှုပ်တော့ပါဘူး။ အချိန် ၆ နာရီကနေ ၁၂ နာရီအထိ ထည့်ထားနိုင်တာကြောင့် အလုပ်ရှုပ်တာလည်း သက်သာသွားနိုင်ပါတယ်။
မြန်မာအမျိုးသမီးတွေက Pad ကိုပဲ အသုံးပြုလေ့ရှိတာကြောင့် မိန်းမကိုယ်အတွင်းကို ထည့်ရမယ့် Menstrual Cup နဲ့ ပတ်သက်ပြီး စိုးရိမ်နေတာတွေ ရှိတတ်ပါတယ်။ အပျိုးမြှေးကို ထိမှာကြောက်သူတွေလည်း ရှိနေနိုင်ပါတယ်။ Menstrual Cup ဟာ အရွယ်အစား အမျိုးမျိုး လာတာကြောင့် ပထမဆုံးအကြိမ် ဓမ္မတာလာတဲ့ မိန်းကလေးတွေလည်း အသုံးပြုနိုင်ပါတယ်။
Menstrual Cup အသုံးပြုပုံ ဗီဒီယိုလင့်ခ် –
Ref; medicalnewstoday