ထိုင်းနိုင်ငံမှာရှိတဲ့ Bumrungrad အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးဟာ သူတို့တာဝန်ယူ ကုသနေတဲ့ ကင်ဆာဝေဒနာရှင် လူနာတဦးကို သွေးသွင်းနေစဉ် HIV ပိုး ကူးစက်ခံခဲ့ရကြောင်း ဝန်ခံခဲ့ပြီး အဲဒီလူနာကို တသက်သာ အခမဲ့ဆေး ကုခွင့်ပေးမယ်လို့ ဆိုပါတယ်။
ဆေးရုံရဲ့ တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ မီဒီယာတွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အမျိုးသားတဦးဟာ သွေးကင်ဆာအတွက် သွေးသွင်းနေစဉ် အခုလို ကူးစက်ခံခဲ့ရတာဖြစ်တယ်လို့ အဲဒီဆေးရုံက စာထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ အဆိုပါ ဆေးရုံဟာ HIV ပိုး ပါဝင်နေတဲ့ သွေးကို ထိုင်းကြက်ခြေနီအဖွဲ့ရဲ့ အမျိုးသား သွေးလှူဘဏ်ကနေ ရရှိတာဖြစ်ပြီး အဲဒီ ဘဏ်ဟာ သွေးလာရောက် လှူဒါန်းသူတွေကို စစ်ဆေးမှုတွေ ကောင်းမွန်စွာ ပြုလုပ်တယ်လို့ အာမခံထားတဲ့ သွေးလှူဘဏ် ဖြစ်ကြောင်း သိရပါတယ်။
နောက်တချက်ကတော့ သွေးသွင်းရာမှ HIV ကူးစက်တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတရပ်ဖြစ်ပြီး သွေးအလှူရှင်ကို သေချာ စစ်ဆေးမှုတွေ မပြုလုပ်မှသာ ဖြစ်နိုင်ချေရှိတယ်လို့ သိရပါတယ်။ ကူးစက်ခံရသူဟာ အသက် ၉ နှစ်ကတည်းက အဲဒီဆေးရုံမှာ သွေးသွင်းလေ့ရှိသူ ဖြစ်ပြီး ဆေးရုံမှာ ဆယ်စုနှစ် တစုစာ သွေးသွင်းတဲ့ အကြိမ်ပေါင်း ၂၆၆ ကြိမ် ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
အခုလို ကူးစက်ခံရတဲ့အတွက် ကျန်ရှိနေတဲ့ သက်တမ်းတလျှောက်လုံးကို အခမဲ့ ဆေးကုသခွင့်ပေးမှာ ဖြစ်တယ်လို့ ဆေးရုံရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
Bangkok Post တွင် ရေးသားထားသော Bumrungrad admits to HIV infection from blood transfusion သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။