၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက စပြီး ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့်ပေးခဲ့ပါတယ်။ ဆေးကုသဖို့ အတွက် တရားဝင် သုံးစွဲခွင့်ပြီးပြီးနောက်မှာ ပြည်သူတွေအနေနဲ့လည်း ဆေးခြောက်နဲ့ ပတ်သက်တဲ့ စီးပွားရေးတွေကို ပိုမို ပြုလုပ်လာတာ တွေ့ရပါတယ်။
Bangkok Post သတင်းစာမှာ ဖော်ပြချက်အရ ထိုင်းနိုင်ငံမှာရှိတဲ့ Rangsit ဆေးဝါးကျွမ်းကျင်တက္ကသိုလ်မှာ ဆေးခြောက်နဲ့ သက်ဆိုင်တဲ့ သုသေသနဌာန တခုကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့က ဖွင့်လှစ်ခဲ့တဲ့ အဲဒီ ဌာနမှာ ဆေးခြောက်ကို စိုက်ပျိုးခြင်း၊ ဆေးခြောက်ပါဝင်တဲ့ ဆေးဝါးတွေကို ပြုလုပ်ခြင်းနဲ့ လေ့လာခြင်းတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Rangsit တက္ကသိုလ်ဟာ ထိုင်းနိုင်ငံကျန်းမာရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၆ ခုနှစ်ကတည်းက ဆေးခြောက်နဲ့ သက်ဆိုင်တဲ့ သုသေသနတွေကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အခြားအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး သုသေသနပြုလုပ်ခဲ့ပါတယ်။
မကြာသေးမီက ကင်ဆာရောဂါနဲ့ ကင်ဆာနဲ့ သက်ဆိုင်တဲ့ လက္ခဏာတွေကို ခံစားနေရတဲ့ သူတွေအတွက် နာကျင်ခြင်းတွေကို သက်သာစေမယ့် ခံတွင်းဖြန်းဆေးတခုကို တီထွင်ခဲ့တယ်လို့ သိရပါတယ်။
Rangsit တက္ကသိုလ်က အခုအချိန်မှာတော့ ဆေးခြောက်နဲ့ ပက်သက်တာတွေကို သုသေသနပြုလုပ်ဖို့ ကိုယ်ပိုင်ဌာနတခုကို ရရှိခဲ့တာဖြစ်ပြီး ကျောင်းဆောင်တခုရဲ့ ၅ လွှာမှာ ဆေးခြောက်ကို စိုက်ပျိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆေးခြောက်ထဲမှာ ပါဝင်တဲ့ Tetrahydrocannabinol (THC), Cannabidiol (CBD), နဲ့ Cannabinol (CBN) ဒြပ်ပေါင်းပါဝင်မှုတွေကို လေ့လာမှာ ဖြစ်ပြီး ဆေးဝါးထုတ်လုပ်ဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။
ပြည်သူတွေ အသုံးပြုနိုင်လောက်မယ့် ဈေးနှုန်းနဲ့ပဲ ထုတ်လုပ်လိုက်တဲ့ ဆေးတွေကို ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတက္ကသိုလ်က စိုက်ပျိုးတဲ့ ဆေးခြောက်ဟာ အလုံးအရင်းနဲ့ စိုက်ပျိုးတာမျိုး မဟုတ်ဘဲ ဆေးဝါးဖော်စပ်ဖို့ စိုက်ပျိုးတာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
Ref; worldofbuzz.com