အသက်ကြီးတဲ့သူတွေမှာ အရိုးအဆစ် ရောင်ရမ်းတာဟာ နာတာရှည်ရောဂါ တခုအသွင် ခံစားရလေ့ ရှိပါတယ်။ တချို့သူတွေအတွက်တော့ အဆစ်ရောင်တာက ဆောင်းတွင်းဘက်မှာ ပိုခံစားရပြီး တချို့သူတွေအတွက်တော့ နွေရာသီရောက်ရင် ကိုက်ခဲမှုဒဏ် ပိုဖြစ်လေ့ရှိပါတယ်။
အကြောင်းရင်းက ရုတ်တရက် လေထုထဲက ရေငွေ့စိုထိုင်းဆ လျော့သွားတဲ့အခါ ဒါမှမဟုတ် လေထုထဲဖိအား ကျဆင်းသွားတဲ့ အချိန်မျိုးမှာ ကိုက်ခဲမှုဒဏ်ကို ပိုခံစားရပါတယ်။ ပုံမှန်ထက် ရာသီဥတု အပြောင်းအလဲချိန်ဆို အဆစ်ရောင်ရမ်းမှုဒဏ် ပိုဖြစ်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
လေ့လာချက်တွေအရ အပူရှိန်များလွန်းတဲ့ နွေရာသီမှာ ခန္ဓာကိုယ်အတွင်း ရေဓာတ် ခန်းခြောက်လွယ်တာကြောင့် အရိုးတွင်းက အရည်တမျိုးဖြစ်တဲ့ ရိုးတွင်းခြင်ဆီလည်း ပုံမှန်ထက် ခန်းခြောက်တတ်ပါတယ်။ ဒါကြောင့် အရိုးတွေကြား ချောဆီကဲ့သို့ လုပ်ဆောင်ပေးနေတဲ့ ရိုးတွင်းခြင်ဆီ လျော့နည်းသွားတဲ့ အခါမှာတော့ အဆစ်အချင်းချင်း ပွတ်တိုက်မှုတွေကြောင့် အရိုးအဆစ် နာကျင်မှုဒဏ်ကို ပိုခံစားရတာပါ။
အပြင်မှာ ရာသီဥတု ပိုပူလေ၊ ခန္ဓာကိုယ်ထဲက အရိုးအဆစ်ဒဏ် ပိုဖြစ်လာလေ၊ အဆစ်ရောင်ရောဂါ ပိုခံစားရလေပါပဲ။ အရိုးအဆစ် နာကျင်မှုကို သက်သာစေတဲ့ ပျောက်ဆေးတွေ သောက်ရုံနဲ့ ခဏတာ ပျောက်ကင်းသွားနိုင်တယ် ဆိုပေမယ့် ဆေးတခုတည်း အားကိုးနေလို့ မရပါဘူး။ ကိုယ်တိုင်လည်း ဂရုတစိုက် ဆင်ခြင်သင့်တဲ့အကြောင်း အရာတွေ ရှိပါတယ်။
နွေရာသီမှာ အပူရှိန် အရမ်းမြင့်တဲ့အချိန် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အတတ်နိုင်ဆုံး အပြင် မထွက်သင့်ပါဘူး။ နွေရာသီမှာ ရေဓာတ် ခန်းခြောက်လွယ်လို့ တနေ့တာ လိုအပ်တဲ့ ရေပမာဏထက် ပိုသောက်ပေးပါ။ ဖြစ်နိုင်ရင် ရေဓာတ်များတဲ့ အသီးအနှံတွေ စားပါ။
အရိုးအဆစ် နာလို့ဆိုပြီး မလှုပ်မရှားဘဲ နေတာက ရောဂါကို ပိုဆိုးရွားစေပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် ခံနိုင်ရည် ရှိလောက်မယ့် လှုပ်ရှားမှုမျိုး၊ လေ့ကျင့်ခန်း အပျော့စားတွေ လုပ်ပြီး လှုပ်လှုပ်ရှားရှား နေဖြစ်အောင် နေပါ။
နာတာရှည် အရိုးအဆစ် ရောင်ရမ်းခြင်းကို သက်သာစေတဲ့ တဖက်တလမ်းက အထောက်အကူ ပြုပေးနိုင်တဲ့ အစားအစာတွေလည်း ရှိပါတယ်။ ဒီအစားအစာတွေကို တတ်နိုင်သမျှ နေ့တိုင်း စားသောက်တဲ့ထဲ ထည့်စားပေးမယ်ဆိုရင် နာတာရှည်ဝေဒနာကို သက်သာစေပါတယ်။
ချဉ်ပြုံးပြုံး အရသာရှိတဲ့ ချယ်ရီမျိုးနွယ် Tart Cherry (Sour Cherry) သီးကို အရည်ဖျော်သောက်ပေးမယ်ဆိုရင် အဆစ်အမြစ် ကိုက်ခဲခြင်းနဲ့ ကြွက်သားနာကျင်ခြင်းကို သက်သာစေပါတယ်။ နောက်တမျိုးကတော့ ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်တဲ့ ပဲပိစပ်ပါ။ အဆီများပြီး ရေခဲရေထဲမှာ ရှင်သန်ပေါက်ဖွားကြတဲ့ ငါးအမျိုးအစားတွေကလည်း ရောင်ရမ်းမှုကို သက်သာစေပါတယ်။
ဆနွင်းနဲ့ ဗီတာမင်ဒီ ကတော့ နာတာရှည်ရောဂါ တဆင့် ကင်ဆာထိ မဖြစ်အောင် ကာကွယ်တားဆီးနိုင်သလို၊ အစိမ်းရောင် အသီးအရွက်တွေကလည်း Antioxidants ပါလို့ အရိုးအဆစ် ကိုက်ခဲသူတွေအတွက် အထူး သင့်တော်ပါတယ်။
Ref: Emma Deangela
You may also like these stories:
နွေရာသီမှာ အဖြစ်များတဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်မလဲ
နွေနေပူမှာ လန်းဆန်း တက်ကြွနေစေမယ့် နည်းလမ်းကောင်း ၅ ခု
ပူပြင်းလွန်းတဲ့ နွေရာသီကို ဘယ်လို ဖြတ်သန်းကြမလဲ
နွေနေပူပူမှာ ရင်အေးစေမယ့် သခွားသီး ဖျော်ရည်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ