မိန်းကလေးတယောက်အတွက် နေ့စဉ်နေ့တိုင်း မျက်နှာနဲ့ ကိုယ်ပေါ်မှာအသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေရဲ့ အရေအတွက်က မနည်းပါဘူး။ Skincare ၊ မိတ်ကပ်၊ Lotion၊ ရေမွှေး၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည် အဆုံး အသုံးပြုနေကြတာပါ။
ဒါပေမယ့်လည်း ဒီအလှကုန်ပစ္စည်းတွေရဲ့ အကျိုးအာနိသင်အပြည့်အဝရချင် တယ်ဆိုရင်တော့ သက်တမ်းမလွန်ဖို့ အရေးကြီးပါတယ်။
မိန်းကလေးတချို့ကတော့ ဈေးကြီးပေးဝယ်ထားရတယ်ဆိုပြီး သက်တမ်းလွန်သွားတဲ့ အလှကုန်တွေကို နှမြောပြီး ဆက်သုံးတတ်ကြပါတယ်။ ဒါဟာ အရမ်းကိုအန္တရာယ်များပါတယ်။ သက်တမ်းလွန် အလှကုန်တွေ ကြောင့် မျက်နှာပေါ် အဆီဖုနဲ့ ဝက်ခြံတွေထွက်လာပြီး နဂိုမျက်နှာပေါ်မှာ အမာရွတ်တွေထင်ကျန်တတ်သလို၊ ကိုယ်ခန္ဓာနဲ့ ဆံပင်အလှကုန် တွေဆိုလည်း ဓာတ်မတည့်တာမျိုးတွေ အရေပြားပြဿနာတွေ ဖြစ်နိုင်ပါတယ်။
ဘယ်လောက်ပဲ တန်ဖိုးကြီးပါတယ်ဆိုဆို အလှကုန်ပစ္စည်းတွေမှာ သက်တမ်းလွန်ဒိတ်ရှိပါတယ်။ ဒါကြောင့် မသုံးခင်မှာ အလှကုန်ဘူးအောက်ခြေနားနဲ့ ဒါမှမဟုတ် ဘားကုဒ်အောက်မှာ ရေးထားတဲ့ ၃ လ၊ ၆လ၊ ၁၈ လ၊ ၂၄ စသဖြင့် လအပိုင်းအခြားကို သေချာကြည့်ပါ။ များသောအားဖြင့် ၃ လကနေ ၂ နှစ်ထိ သက်တမ်းရှိတတ်ပြီး ဆံပင်အတွက် အသုံးပြုတဲ့ အလှကုန်တွေဆို နှစ်ပိုတာရှည်ခံပါတယ်။
ဒါကြောင့် အလှကုန်တွေဝယ်လာပြီး စသုံးမယ်ဆိုတာနဲ့ သက်တမ်းလွန်မယ့်နေ့ကို ဘူးပေါ်မှာ ထင်သာမြင်သာ ဖြစ်အောင်ရေးထားပါ။ သက်တမ်းလွန်သွားတာနဲ့ ဘယ်လောက်ပဲကျန်နေပါစေ နှမြောပြီး ဆက်မသုံးပါနဲ့။ ဖြစ်လာမယ့် နောက်ဆက်တွဲ အရေပြားပြဿနာတွေကို ကုစားရတာ အကုန်အကျပိုများပါမယ်။
သက်တမ်းလွန် မိတ်ကပ်တွေမှာ ဘက်တီးရီးယားပိုးတွေ အများဆုံးပေါက်ဖွားလွယ်လို့ ဆက်သုံးနေမယ်ဆိုရင် အရေပြားရောင်ရမ်းလာပြီး အနီရောင်အဖုတွေဖြစ်ကာ အရေပြားအဖတ်လိုက်ကွာကျတာမျိုးတွေထိ ဆိုးဆိုး ရွားရွား ဖြစ်နိုင်ပါတယ်။
မျက်လုံးနဲ့ပတ်သက်ပြီး အသုံးပြုရတဲ့ အလှကုန်တွေဆို အရမ်းသတိထားရပါတယ်။ ထိခိုက်လွယ်တဲ့ မျက်လုံးတဝိုက်ကို သက်တမ်းလွန်အလှကုန်တွေသုံးနေမယ်ဆိုရင် နောက်ဆုံးမျက်လုံးအိမ် ထိတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။
သက်တမ်းလွန် Body Lotion တွေကတော့ အသားရေကို အရမ်းကြီးမထိခိုက်ဘူးဆိုပေမယ့် အာနိသင်ကတော့ လုံးဝမရှိတော့ပါဘူး။ ဘယ်လောက်ပဲ နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တယ်ပဲဆိုဆို၊ အသားရေ အစိုဓာတ် ရစေတယ်ပဲဆိုဆို သက်တမ်းလွန်တာနဲ့ အကျိုးအာနိသင်တွေ ပြယ်သွားလို့ မသုံးသင့်တော့ပါဘူး။
အပေါ်ကမှာပြောခဲ့တဲ့ သက်တမ်းလွန်ဒိတ်ဆိုတာ အလှကုန်ဘူးကို စဖောက်လိုက်တဲ့အချိန်ကစပြီး ဘူးမှာဖော် ပြထားတဲ့ သက်တမ်းကိုတွက်ပြီး ရက်လွန်တယ်သတ်မှတ်တာပါ။ တကယ်လို့ မဖောက်ရသေးတဲ့ အလှကုန်တွေ ဆိုရင်တော့ အေးမြပြီးနေရောင်တိုက်ရိုက်မကျတဲ့နေရာမှာထားမယ်ဆိုရင် တနှစ်ကနေ သုံးနှစ်ထိ ခံပါတယ်။
Ref: Elite Readers
You may also like these stories:
မိတ်ကပ်ကောင်တာက အစမ်းသုံးပစ္စည်းတွေကြောင့် အရေပြားရောဂါ ကူးစက်နိုင်
နေလောင်သွားတဲ့ အသားအရေကို ပြန်လည် ဖြူဝင်းလာစေနိုင်မယ့် နည်းလမ်းကောင်းများ
သက်သတ်လွတ်နဲ့ အသားရှောင်သူတွေအတွက် ထုတ်လုပ်ပေးထားတဲ့ K-Beauty အလှကုန်များ