မကြာသေးခင်က YBS ကားပေါ်မှာ ကော်ရှူနေတဲ့ ကလေးတယောက်ရဲ့ ဗီဒီယိုဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ အသက် ၁၀ နှစ်ဝန်းကျင်လောက်သာ ရှိမယ့် ဒီကလေးငယ်ဟာ ပုဆိုးနဲ့ ခပ်ပွပွ အင်္ကျီကို ဝတ်ဆင်ထားပြီး ကားရဲ့ ခေါင်းခန်းပိုင်းက ခုံမှာ ထိုင်ကာ ကော်ဘူးကို အားရပါးရ ရှူနေတာပဲ ဖြစ်ပါတယ်။
ကော်ရှူနေတဲ့ ကလေးငယ် ဗီဒီယိုဖိုင်
လမ်းဘေးမှာ နေထိုင်တဲ့ ကလေး တော်တော်များများကြားမှာ ကော်ရှူတဲ့ ဓလေ့ဟာ ထမင်းစား၊ ရေသောက်လို ဖြစ်နေပြီး ကလေးတွေက ကော်ရှူရင် ဗိုက်ဝတာကြောင့် ကော်ရှူတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ ဆရာဝန်တွေကတော့ ကော်ရှူတာဟာ အခန့်မသင့်ရင် ဦးနှောက်ကို ထိပြီး ချက်ချင်းသေဆုံးနိုင်သလို သေဆုံးသွားတဲ့ သာဓကတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးအဖြစ် သတ်မှတ်ထားခြင်း မရှိပေမယ့် ကော်ရှုခြင်းဟာ မူးယစ်မှုကို ပေးပုံပေါ်ပါတယ်။
ကလေးတော်တော်များများက ကော်ဘူးကပေးတဲ့ မူးယစ်မှုက ဗိုက်မဆာအောင် ထိန်းပေးတယ်လို့ ပြောပါတယ်။ မကြာသေးခင်ကလည်း မြန်မာပလာဇာမှာ ကော်ရှူတဲ့ ကလေးငယ်တွေကို တွေ့ကြောင်း Facebook အသုံးပြုသူ တဦး ရေးသား တင်ထားတဲ့ Post တခု ပျံ့နှံ့ခဲ့ပါသေးတယ်။
အဲဒီ ပို့စ်ရဲ့ အောက်မှာ အနယ်နယ် အရပ်ရပ်မှာရှိတဲ့ လမ်းဘေးကလေးတွေ ကော်ရှူနေကြကြောင်းနဲ့ ထိရောက်တဲ့ ဥပဒေတွေနဲ့ ထိန်းသိမ်းဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း အကြံဝိုင်းပေးနေကြသူတွေကိုလည်း တွေ့ရပါတယ်။
ကော်ရှူတဲ့ ကလေးငယ်များအကြောင်း ရုပ်သံ
ကော်ရှူတဲ့ ကလေးတွေဟာ အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အတွင်း ကလေးတွေ ဖြစ်ပြီး သူတို့ရဲ့ နုနယ်တဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံတွေကြောင့် ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတာပဲ ဖြစ်ပါတယ်။ လမ်းဘေးမှာ နေပြီး အမှိုက်ကောက်၊ တောင်းစားလေ့ ရှိတဲ့ ကလေးတော်တော်များများ ကော်ရှူတာကို တွေ့မြင်ရပါတယ်။ ၂၀၁၄ ခုနှစ်ကလည်း ကော်ရှူပြီး လမ်းဘေးမှာ အိပ်ပျော်နေတဲ့ ကလေး ၂ ယောက်ဟာ ရထားကြိတ်ခံရပြီး သေဆုံးဖူးတယ်လို့ သိရပါသေးတယ်။
ပရဟိတ အဖွဲ့အချို့ကတော့ ဒီလို ကော်ရှူတဲ့ ကလေးငယ်တွေကို စာသင်ပေးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်အောင် ပြုလုပ်ပေးခြင်းတွေ ပြုလုပ်ပေးတာ ရှိပါတယ်။ တနိုင်တပိုင် လုပ်နေကြတဲ့ ပရဟိတ အဖွဲ့တွေအပြင် ကော်ရှုခြင်းကို ထိထိရောက်ရောက် တားမြစ်ဖို့ လိုအပ်လာပါပြီ။ ကော်ရှူတဲ့ ကလေးတွေဟာ ခိုးမှုနဲ့ လုယက်မှုတွေကိုလည်း ပြုလုပ်နိုင်တယ်လို့ ဥပဒေပညာရှင်တွေက ဝေဖန်နေကြပါတယ်။
ဒါကြောင့် ပတ်ဝန်းကျင်မှာ ကော်ရှူတဲ့ ကလေးတွေကို တွေ့မြင်ခဲ့ရင် ဝိုင်းဝန်းတားဆီးပေးဖို့ တိုက်တွန်း ရေးသားလိုက်ပါတယ်။ ။
You May Also Like These Stories:
ကမ္ဘာ့အမြန်ဆုံးဖြစ်လာနိုင်မယ့် ကျည်ဆန်ရထားကိုစမ်းသပ်ခဲ့တဲ့ ဂျပန်နိုင်ငံ
နာဆာက ရိုက်ကူးခဲ့တဲ့ ဧရာဝတီမြစ် ဓာတ်ပုံ ထွက်ပေါ်
မိတ်ကပ်ကောင်တာက အစမ်းသုံးပစ္စည်းတွေကြောင့် အရေပြားရောဂါ ကူးစက်နိုင်
မီးပြတ်တဲ့အခါ မပျင်းရအောင် ဘာတွေ လုပ်သင့်သလဲ