Health

ခွေးကိုက်မှသာမဟုတ် တခြား တိရစ္ဆာန်ကိုက်ရင်လည်း ကူးစက်နိုင်တဲ့ ခွေးရူးပြန်ရောဂါ

Want create site? Find Free WordPress Themes and plugins.

ရောဂါတွေရဲ့သမိုင်းကြောင်းကို လေ့လာကြည့်ရင် ခွေးရူးပြန်ရောဂါဟာ ရှေးကျတဲ့ရောဂါ တမျိုးဆိုတာ တွေ့ရပါလိမ့်မယ်။ လူတွေမှာ ခွေးရူးပြန်တဲ့လက္ခဏာ စတင်ဖြစ်ပေါ်လာပြီဆိုရင် ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးက ဒီနေ့ခေတ်တိုင်အောင် မရှိသေးပါဘူး။

အရှေ့တောင်အာရှ နိုင်ငံအများစုမှာ ဖြစ်ပွားလေ့ရှိတဲ့ ခွေးရူးပြန်ရောဂါရဲ့ ၉၆ ရာခိုင်နှုန်းက ခွေးကိုက်တာကြောင့်ပါ။ ခွေးရူးပြန်ရောဂါ ဖြစ်ပွားနိုင်တဲ့ အကြောင်းအရင်းတွေကို လေ့လာကြည့်တဲ့အခါ ခွေးကိုက်တာ တမျိုးတည်းကြောင့် မဟုတ်ဘဲ ကြောင်၊ မြွေပါ၊ မြေခွေး၊ ခွေးအ၊ ဝံပုလွေနဲ့ အခြား အသားစား တိရစ္ဆာန်တွေ ကိုက်ခြင်းကြောင့်လည်း ရောဂါကူးစက်နိုင်တာကို တွေ့ရပါတယ်။

မျောက်နဲ့ကြွက်လို တိရစ္ဆာန်တွေ ကိုက်ခြင်းကြောင့်တော့ ခွေးရူးပြန်ရောဂါ ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။  မြင်းနဲ့ မြည်းလို တိရစ္ဆာန်တွေ ခွေးရူးပြန်ရင်တော့ တွေ့တွေ့သမျှကို ရန်မူလေ့ ရှိပြီး ကြမ်းတမ်းစွာ ကိုက်ခဲလေ့ ရှိတတ်ပါတယ်။ ကျွဲနဲ့နွားတွေမှာ ခွေးရူးပြန်ရောဂါ ဖြစ်လာရင်တော့ ကိုက်ခဲလေ့ မရှိတတ်ကြပေမယ့် သွားရည်တွေက မြင်မကောင်းအောင် စီးကျနေတာကို တွေ့ရပါလိမ့်မယ်။

အဲဒီလို အချိန်မျိုးမှာဆိုရင်တော့ ရောဂါဖြစ်နေတဲ့ ကျွဲ၊ နွားတွေကို ပြုစုပေးနေသူတွေအဖို့ သတိကြီးစွာ ထားဖို့ လိုအပ်ပါတယ်။ သတိကြီးစွာထားဖို့ လိုအပ်တဲ့အကြောင်းကတော့ ကိုယ့်လက်နဲ့ ဆေးတိုက်ရာက တဆင့် ရောဂါကူးစက်နိုင်လို့ပါပဲ။

တိရစ္ဆာန်တွေ ခွာနာ၊ လျှာနာဖြစ်တာ၊ လည်ချောင်းကွဲရောဂါဖြစ်တာ၊ လည်မြိုတစ်ဆို့တဲ့ရောဂါ ဖြစ်တာတွေဟာ ခွေးရူးပြန်ရောဂါနဲ့ အတိအကျ ခွဲခြားနိုင်ခြင်း မရှိတဲ့အတွက်ကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေ အနေနဲ့ ဆေးတိုက်တဲ့အခါမျိုးတွေမှာ အထူးသတိထားသင့်ပါတယ်။

ခွေးရူးပြန်ရောဂါရှိတဲ့ တိရစ္ဆာန်နဲ့ လူတွေကို ကိုင်တွယ် စစ်ဆေးရသူတွေအဖို့ ရောဂါကူးစက်နိုင်ချေ ပိုများတာကိုလည်း တွေ့ရပါတယ်။ ခွေးရူးပြန်ရောဂါဖြစ်နေတဲ့ တိရစ္ဆာန် ဒါမှမဟုတ် လူတွေရဲ့ သွားရည်တွေကို မထိမိအောင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဂရုစိုက်ဖို့ လိုအပ်တဲ့အကြာင်းကတော့ ကိုယ်ခန္ဓာမှာ ပွန်းပဲ့ပြတ်ရှနေတဲ့ ဒဏ်ရာနဲ့ ခွေးရူးပြန်ရောဂါ ရှိသူရဲ့သွားရည်တွေ ထိမိတဲ့အခါ ရောဂါကူးစက်နိုင်တဲ့ အတွက်ကြောင့်ပါပဲ။

ခွေးရူးပြန်ရောဂါဟာ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါပါ။ တိရစ္ဆာန်တွေကနေတဆင့် လူတွေကို ကူးစက်တဲ့ ရောဂါတမျိုးလည်း ဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါဖြစ်သူတွေကို လေ့လာကြည့်ရင် အမျိုးအစား ၂ ခု တွေ့ရပါတယ်။ တမျိုးကတော့ ဂနာမငြိမ်ဖြစ်တာနဲ့ နောက်တမျိုးကတော့ အကြောသေသွားတာပါ။ လူတွေမှာ အများဆုံးဖြစ်လေ့ ရှိတာကတော့ ပထမအမျိုးအစား ဖြစ်တဲ့ ဂနာမငြိမ်တာမျိုးပါ။

ခွေးရူးပြန်ရောဂါကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးဟာ သွေးနွေးသတ္တဝါတွေရဲ့ အာရုံကြောစနစ်ထဲကို ထိုးဖောက်ဝင်ရောက်လေ့ ရှိတတ်ပါတယ်။ ခွေးရူးပြန်ရောဂါကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးဟာ ခွေးရူးပြန်ရောဂါ စတင်ဖြစ်ပွားနေတဲ့ တိရစ္ဆာန်တွေရဲ့ တံတွေးထဲမှာ ရှိနေပါတယ်။ ဒါကြောင့်လည်း တိရစ္ဆာန် တကောင်ကောင် ဒါမှမဟုတ် လူတယောက်ယောက်ကို ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ရှိနေတဲ့ ခွေးလို တိရစ္ဆာန်မျိုးတွေက ကိုက်ခဲလိုက်တဲ့အခါ တံတွေးကနေတဆင့် ရောဂါကူးစက်တာပါပဲ။

ပွန်းပဲ့ပြတ်ရှနေတဲ့ အရေပြား ဒါမှမဟုတ် ပါးစပ်၊ နှာခေါင်းတွေရဲ့ အတွင်းသားတွေကနေ တဆင့်လည်း  ရောဂါကူးစက် နိုင်ပါသေးတယ်။ ခွေးရူးပြန်ရောဂါကြောင့် ဦးနှောက်အမြှေးရောင်ဖူးသူ ဒါမှမဟုတ် ရောဂါနာမည် တပ်လို့မရတဲ့ အာရုံကြောဆိုင်ရာ ရောဂါရှိဖူးသူတွေဆီကလည်း မျက်ကြည်လွှာနဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အလှူမခံမိအောင် အထူးဂရုစိုက်သင့်ပါတယ်။

ခွေးရူးပြန်ရောဂါ ဖြစ်နေတဲ့ လူနာတွေဟာ တခြားလူတယောက်ယောက်ကို ကိုက်ဖို့ဆိုတာ တကယ်ကို ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခုပါ။ ဒါပေမယ့်လည်း ခွေးရူးပြန်နေတဲ့ လူနာကို ပြုစုစောင့်ရှောက်သူတွေ အဖို့ကတော့ လူနာရဲ့သွားရည်တွေနဲ့ ထိတွေ့မှု ကင်းရှင်းအောင် အထူးဂရုစိုက်သင့်ပါတယ်။

ခွေးရူးပြန်ရောဂါ ရှိနေတဲ့ ခွေးတွေမှာ အခုဖော်ပြပေးမယ့် လက္ခဏာတွေ ရှိနေတတ်ပါတယ်။ အဲဒီ လက္ခဏာတွေကတော့

၁။ ရန်မစရဘဲ ကိုက်တတ်ခြင်း

၂။ တုတ်၊ သံချောင်းစတဲ့ သာမန်မဟုတ်တဲ့ ပစ္စည်းတွေကို စားခြင်း

၃။ အကြောင်းမဲ့ ပြေးလွှားနေခြင်း

၄။ အသံပြောင်းလဲလာခြင်း(သို့မဟုတ်) အသံ မထွက်ခြင်း

၅။ ပါးစက်က သွားရည်တမြားမြား ကျခြင်း(သို့မဟုတ်) အမြှုပ်တစီစီ ထွက်ကျခြင်း

အခုဖော်ပြပေးခဲ့တဲ့ လက္ခဏာတွေကတော့ ခွေးရူးပြန်ရောဂါရှိနေတဲ့ ခွေးတွေမှာ တွေ့ရလေ့ ရှိတဲ့ လက္ခဏာတွေပါ။

ခွေးရူးပြန်ရောဂါ စဖြစ်ပြီဆိုရင် ပျောက်ကင်းအောင် ကုသနိုင်တဲ့နည်းလမ်းကတော့ အခုအချိန်အထိ မရှိသေးပါဘူး။ လူနာသက်သာဖို့နဲ့ စိတ်လှုပ်ရှားမှုတွေကိုသက်သာအောင် ကူညီပေးနိုင်ရုံကလွဲပြီး  ပျောက်ကင်းအောင်ကုသနိုင်တဲ့ နည်းလမ်းကတော့ မရှိသေးပါ။

ခွေးရူးပြန်ရောဂါဟာ ထိရောက်တဲ့ ကုသနည်း မရှိသေးတဲ့အတွက် လူနာကို ရာခိုင်နှုန်းပြည့် သေဆုံးစေနိုင်ပါတယ်။ ကမ္ဘာပေါ်မှာဆိုရင်လည်း ခွေးရူးပြန်ရောဂါဖြစ်ပွားသူ ၇ ဦးကိုသာ အထူးသီးသန့် ကြပ်ကြပ်မတ်မတ် ကုသပေးတဲ့ အတွက်ကြောင့် အသက်ဘေးက ကယ်တင်နိုင်ခဲ့ပါတယ်။ ကျန်လူတွေကတော့ အသက်ဆုံးရှုံးရတာပါပဲ။ အဲဒီလူ ၇ ဦး ကလည်း ခွေးမကိုက်ရခင်ကတည်းက ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးတာတဲ့အတွက်ကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ရတာပါ။

လင်းနို့ကိုက်လို့ ခွေးရူးပြန်ရောဂါကူးစက်ခံရသူတဦးလည်း ခွေးရူးပြန်ရောဂါကာကွယ်ဆေး မထိုးထားပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ရဖူးပါတယ်။ ဒီကိစ္စကတော့ ခွေးရူးအကိုက်ခံရတာ မဟုတ်တဲ့အတွက်ကြောင့် အသက်ရှင်ခဲ့ရခြင်းပါ။

ခွေးကိုက်ခံရပြီဆိုရင် ကိုယ့်အနေနဲ့ လုပ်နိုင်တာ တွေတော့ ရှိပါတယ်။

ခွေးကိုက်ခံရပြီဆိုရင် ဒဏ်ရာကို ဆပ်ပြာနဲ့ ရေများများသုံးပြီး ၁၅ မိနစ်လောက် ဆေးကြောပေးပါ။ ဆပ်ပြာ မရှိဘူးဆိုရင်လည်း ရေများများနဲ့ ဒဏ်ရာကို ဆေးပေးပါ။ ဒီနည်းလမ်းက တကယ်ကို ထိရောက်တဲ့ ရှေးဦး သူနာပြုစုနည်းပါပဲ။

အရက်ပြန် ဒါမှမဟုတ် Povidine-iodine စတာတွေရှိနေရင်လည်း ဒဏ်ရာကို ဆေးကြောပေးပါ။ အဲဒီနောက်မှာတော့ နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံး သွားသင့်ပါတယ်။

ခွေးကိုက်ခံရတဲ့အခါမှာ ငရုတ်ရည်၊ ပေါင်ဒါမှုန့်၊ သစ်ပင်နဲ့ ပန်းပင်တွေရဲ့ အရည်၊ အက်စစ်ဓာတ်၊ အယ်လ်ကာလီဓာတ်နဲ့ ပူလောင်စေတတ်တဲ့ ဆေး၊ ဆေးပစ္စည်းတွေကို ဒဏ်ရာမှာသုံးစွဲတာမျိုး ရှောင်သင့်သလို ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို ပတ်တီးစည်းတာမျိုးကိုလည်း ရှောင်သင့်ပါတယ်။

ကိုးကား – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေသော ‘ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာ’

You may also like these stories:

နိုင်ငံတကာမှာ လမ်းဘေးခွေးတွေကို ဘယ်လို ထိန်းသိမ်းကြသလဲ

ခွေးကိုက်ခံ လူနာ ကုသရေး ဌာနများ ရန်ကုန်တွင် စတင် ဖွင့်လှစ်မည်

ခွေးလေခွေးလွင့်တွေက တကယ့်ပြဿနာ

Did you find apk for android? You can find new Free Android Games and apps.
Loading