ရေချိုး၊ ခေါင်းလျှော် နောက်ကျတဲ့အခါမျိုးမှာ ဆံပင် မစိုမခြောက် အနေအထားနဲ့ အိပ်စက်လိုက်တာမျိုးတွေ ရှိကြမှာပါ။ ဒီလို ဆံသား မခြောက်တခြောက် အချိန် အိပ်စက်လိုက်ခြင်းဟာ ကျန်းမာရေးအတွက်လည်း အန္တရာယ်ရှိသလို အရေပြား ကျန်းမာရေးအတွက်လည်း ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၁) ခေါင်းကိုက်ခြင်း
ကောင်းမွန်စွာ မခြောက်သေးတဲ့ ဆံပင်နဲ့ အိပ်စက်လိုက်ခြင်းဟာ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အိပ်စက်နေစဉ်မှာ ခန္ဓာကိုယ်အပူချိန် မြင့်တက်နေပြီး မခြောက်သေးတဲ့ ဆံသားတွေကြောင့် ဦးခေါင်းပိုင်းက စိုစွတ်နေတာကြောင့် ခန္ဓာကိုယ်အပူချိန် မညီမမျှဖြစ်ပြီး ခေါင်းကိုက်စေပါတယ်။
(၂) ဘက်တီးရီးယားတွေ ပေါက်ပွားစေနိုင်ခြင်း
စိုစွတ်နေတဲ့ ဆံပင်နဲ့ ခေါင်းအုံးမှာ အိပ်စက်တဲ့အခါ ခေါင်းအုံးစွပ်နဲ့ ခေါင်းအုံးဟာလည်း စိုစွတ်သွားတာကြောင့် ဘက်တီးရီးယားတွေကို အလွယ်တကူ ပေါက်ပွားစေနိုင်ပြီး ဂုတ်နဲ့ လည်ပင်းတဝိုက်မှာ ယားနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) ဗောက်ထစေခြင်း
စိုစွတ်နေတဲ့ ဆံပင်နဲ့ အိပ်စက်လိုက်တဲ့အခါ ဦးရေပြားကနေ ဆံသားအတွက် လုံလောက်တဲ့ အဆီဓာတ် ထုတ်မပေးနိုင်တော့တာကြောင့် ဆံသားမွဲခြောက်ပြီး ဦးရေပြား ယားယံကာ ဗောက်ထခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) ဝက်ခြံတွေကို ဖြစ်ပေါ်စေခြင်း
စိုစွတ်နေတဲ့ ဆံပင်နဲ့ အိပ်စက်လိုက်ခြင်းဟာ ခေါင်းအုံးမှာ ဘက်တီးရီးယားတွေ အလွယ်တကူ ပေါက်ပွားမှုကို ဖြစ်စေတာကြောင့် မျက်နှာ အသားအရေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ စိုစွတ်တဲ့ နေရာမှာ ရှင်သန်နိုင်တဲ့ ဘက်တီးရီးယားတွေကြောင့် ဝက်ခြံတွေကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပြီး အသားအရေ ယားယံ နီမြန်းလာတာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။
(၅) ဆံပင်ကျွတ်ခြင်း
ဆံပင် မခြောက်တခြောက် အနေအထားနဲ့ အိပ်စက်လိုက်ခြင်းဟာ ဆံသားတွေကို ရှုပ်ထွေး ကပ်ငြိစေပြီး ဆံပင်ကျွတ်ခြင်းကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။
Ref. medium.com
You May Also Like These Stories:
ခေါင်းလျှော်ရည်ထဲ ဆားအနည်းငယ် ထည့်လျှော်ပေးရုံနဲ့ ရရှိနိုင်မယ့် ကောင်းကျိုးများ
စိတ်ဖိစီးမှု များပြီး စိတ်မပျော်ရွှင်ဘူးဆိုတာ ခန္ဓာကိုယ်ကနေ ဖော်ပြနေတဲ့ လက္ခဏာများ
အချိန်ဆွဲခြင်းက ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်