လတ်တလော ရန်ကုန်မြို့မှာ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားနေတဲ့ ရာသီတုပ်ကွေး H1N1 ဟာ ၁၉၁၈ ခုနှစ်လောက်တုန်းက မက္ကဆီကိုနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး ရိုးရိုးတုပ်ကွေး အမျိုးအစားကနေ ဗီဇပြောင်းပြီး ကွဲထွက်လာတာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ တကမ္ဘာလုံးကို ပျံ့နှံ့ပြီး ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
H1N1 ဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရတာဖြစ်ပြီး ဒီရောဂါဖြစ်တဲ့အခါ သာမန် တုပ်ကွေးတွေလိုပဲ ရောဂါလက္ခဏာ ပြတတ်ပါတယ်။ H1N1 ဗိုင်းရပ်စ်ဟာ ဝက်တွေမှာ ရှင်သန် နေထိုင်နိုင်တဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်တာ မှန်ပေမယ့် ဝက်သားစားတာမျိုးနဲ့ ဝက်ကနေ လူကို ကူးစက်တာမျိုးတော့ မဖြစ်စေနိုင်ပါဘူး။
H1N1 ကူးစက် ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ ရောဂါပိုးရှိသူက ချောင်းဆိုး နှာချေလိုက်တဲ့အခါ လေထဲကနေတဆင့် ကူးစက်နိုင်ပြီး ရောဂါပိုးရှိတဲ့နေရာကို လက်နဲ့ ကိုင်တွယ်မိပြီး မျက်လုံး၊ နှာခေါင်း စတဲ့နေရာတွေကို လက်နဲ့ ပြန်ပွတ်ခြင်း စတာတွေကနေ ကူးစက်နိုင်ပါတယ်။
H1N1 ရဲ့ရောဂါလက္ခဏာတွေကတော့ ချောင်းဆိုးနှာစေးခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာ၊ ကိုယ်လက်နာကျင် ကိုက်ခဲခြင်း၊ ချမ်းတုန်ခြင်း စတဲ့ သာမန်တုပ်ကွေးရောဂါ လက္ခဏာအပြင် အသက်ရှုရ ခက်ခဲခြင်း၊ အလွန်အမင်း အန်ခြင်း၊ မူးမော်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
H1N1 ရောဂါဟာ ကိုယ်ခံအားနည်းသူတွေနဲ့ သက်ကြီးရွယ်အို၊ ကလေးငယ်တွေမှာ အဖြစ်များတတ်ပြီး ကျန်းမာရေးကောင်းမွန်ပြီး ခုခံအားစနစ်ကောင်းသူတွေဆိုရင်တော့ ရောဂါကူးစက်ခဲ့ရင်တောင် ခုခံအားနဲ့ ပြန်တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
H1N1 ရောဂါ မဖြစ်ပွားစေဖို့ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ ကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့ ကောင်းစွာ အနားယူခြင်း၊ လက်မကြာခဏ ဆေးကြောခြင်း၊ ရေများများသောက်ခြင်း၊ ဗီတာမင်စီ ပါဝင်တဲ့ အစားအစာများ စားသုံးခြင်း၊ လက်နဲ့နှာခေါင်း၊ မျက်လုံးစတာတို့ကို မကြာခဏ ကိုင်တွယ်တတ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ လူထူထပ်တဲ့ နေရာတွေ သွားတဲ့အခါ နှာခေါင်းစည်း Mask တပ်ခြင်း စတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။
Ref. www.webmd.com
You May Also Like This Story:
H1N1 ဖြင့် သေဆုံးသူ ၅ ဦးထိရှိလာပြီး ရောဂါပိုးရှိသူ ၂၂ ဦးတွေ့ထား