ဆော်ဒီအာရေဗျနိုင်ငံဟာ ၂၀၁၂ ခုနှစ် ၊ ဇွန်လကတည်းက လူစည်ကားရာ နေရာတွေမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားပါတယ်။ လူသွားလူလာတွေများတဲ့ စူပါမားကတ်ကြီးတွေ၊ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ လေဆိပ်တွေမှာ ဆေးလိပ်သောက်တာကို တားမြစ်ထားပြီး အသက် ၁၈ နှစ်အောက် အရွယ်တွေကိုလည်း ဆေးလိပ်ရောင်းချခွင့် မရှိပါဘူး။
ကနေဒါနိုင်ငံမှာဆိုရင်လည်း ကလေးသူငယ်တွေပါတဲ့ ကားတွေမှာ ဆေးလိပ်သောက်ခွင့် မပြုပါဘူး။ ကနေဒါနိုင်ငံ၊ Nova Scotia ပြည်နယ်ကတော့ ဒီဥပဒေကို ၂၀၀၇ ခုနှစ်ကတည်းက အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အစီရင်ခံစာအရ နှစ်စဉ် လူပေါင်း ၆သိန်း နီးပါးဟာ ဆေးလိပ် မသောက်ဘဲ ဆေးလိပ်ငွေ့ ရှူရိုက်မိလို့ သေဆုံးနေရပါတယ်။
၂၀၀၄ ခုနှစ်မှာတော့ ဘူတန်နိုင်ငံဟာ ကမ္ဘာ့ပထမဆုံး ဆေးလိပ်ကင်းစင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ လူစည်ကားရာ နေရာတွေမှန်သမျှမှာ ဆေးလိပ်မသောက်ကြဖို့ ဥပဒေထုတ်ပြီး တားမြစ်နိုင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ဇွန်လမှာ ဘူတန်နိုင်ငံဟာ ဆေးရွက်ကြီးရောင်းချတာကို ဥပဒေနဲ့ တားမြစ်နိုင်ခဲ့ပြီး မှောင်ခိုတင်သွင်းမှုတွေကိုလည်း ပိတ်ပင်နိုင်ခဲ့ပါတယ်။
ကော့စတာရီကာနိုင်ငံကလည်း ၂၀၁၂ ခုနှစ်မှာ ဆေးလိပ်သောက်တာကို ဥပဒေနဲ့ တားမြစ်နိုင်ခဲ့ပါတယ်။ ကော့စတာရီကာနိုင်ငံမှာ တက္ကဆီ၊ ဘတ်စ်ကား၊ မီးရထားတွေနဲ့ ကာစီနိုရုံ၊ ဘားခန်းတွေမှာ ဆေးလိပ်သောက်ခွင့် မရှိပါဘူး။ ကော့စတာရီကာနိုင်ငံဟာ လူစည်ကားတဲ့ နေရာတွေမှာ ဆေးလိပ်သောက်သုံးခွင့် မပြုထားပေမယ့် ဆေးလိပ်သောက်သုံးချင်သူတွေအတွက် သီးသန့်သတ်မှတ်ပေးထားတဲ့ နေရာတွေ ရှိပါတယ်။
ကော့စတာရီကာနိုင်ငံက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို ပြည်သူတွေက လိုက်နာမှု ရှိကြတဲ့အတွက် ဆေးလိပ် မသောက်ရ နေရာတွေမှာ ဆေးလိပ်သောက်သူ လုံးဝ မရှိပါဘူး။ နောက်ထပ် ဆေးလိပ်သောက်ခြင်းကို ဥပဒေနဲ့ တားမြစ်ထားတဲ့ နိုင်ငံကတော့ ကိုလံဘီယာနိုင်ငံပါ။ ကိုလံဘီယာနိုင်ငံမှာ ၂၀၀၉ ခုနှစ်တည်းက အလုပ်ရုံတွေနဲ့ လူစည်ကားရာနေရာတွေမှာ ဆေးလိပ်သောက်တာကို တားမြစ်ထားပါတယ်။
ဥရုဂွေးနိုင်ငံကလည်း လက်တင်အမေရိကနိုင်ငံတွေထဲမှာ ဆေးလိပ်သောက်တာကို ဥပဒေနဲ့ တားမြစ်နိုင်ခဲ့တဲ့ နိုင်ငံပါပဲ။ ၂၀၀၄ ခုနှစ်၊ မတ်လမှာ ဥရုဂွေးနိုင်ငံဟာ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်နဲ့ ဘားတွေမှာ ဆေးလိပ်သောက်ခြင်းကို ဥပဒေနဲ့ တားမြစ်နိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ ကလေးရှိတဲ့ အိမ်တွေနဲ့ ကားအတွင်းမှာ ဆေးလိပ်မသောက်ဖို့ တားမြစ်တဲ့ ကမ်းပိန်းတခု ပြုလုပ်ခဲ့ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာဆိုရင် မလေးရှားနိုင်ငံဟာ ဆေးရုံ၊ လေဆိပ်၊ အများသုံး သန့်စင်ခန်းနဲ့ အင်တာနက်ကဖေး ဆိုင်တွေမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်ထားပါတယ်။ ၂၀၁၀ ခုနှစ်၊ ဇွန်လမှာဆိုရင် တားမြစ်ထားတဲ့နေရာတွေမှာ ဆေးလိပ်သောက်တာတွေ့ရင် ဒဏ်ငွေ ရင်းဂစ် ၁ သောင်း ဒါမှမဟုတ် ထောင်ဒဏ်၂ နှစ်အထိ ချမှတ်နိုင်ငံတဲ့ ဥပဒေကို ပြဌာန်းခဲ့ပါတယ်။
Ref. globalnews.ca