ဆန်ဖရန်စစ္စကိုမြို့ဟာ အီး-စီးကရက် (e-cigarette) ရောင်းချခြင်းကို ပိတ်ပင်တားမြစ်လိုက်တဲ့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးမြို့ ဖြစ်လာမယ်လို့ သိရပါတယ်။ အီး-စီးကရက် ရောင်းချမှုတွေကို ပိတ်ပင်တားမြစ်တဲ့ အမိန့်ကို ဇွန်လ ၂၅ ရက်နေ့က တရားဝင်ထုတ်ပြန် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဆန်ဖရန်စစ္စကိုမြို့မှာ အခြေစိုက်တဲ့ Juul Labs ကုမ္ပဏီဟာ အမေရိကန်နိုင်ငံရဲ့ အီး-စီးကရက် ထုတ်လုပ်မှုမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီဖြစ်ပြီး ဆွေးနွေးပွဲတွေမှာလည်း အဓိက ပါဝင်နေပါတယ်။ လူငယ်တွေကြား အီး-စီးကရက် သောက်သုံးမှု ရေပန်းစားပြီးနောက် Juul ရဲ့ အီး-စီးကရက် ရောင်းအားဟာ ၂ နှစ်အတွင်း ပိုမို မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံမှာ စီးကရက် ဝယ်ယူခွင့်ကို အသက် ၂၁ နှစ်အထိ တိုးမြင့်ထားပေမယ့် ဆန်ဖရန်စစ္စကိုမှာတော့ ထိရောက်တဲ့ ဆောင်ရွက်မှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။ အခုလို အီး-စီးကရက် ရောင်းချခြင်းကို ပိတ်ပင်မှုတွေ ပြုလုပ်မယ်ဆိုရင် အမေရိကန်နိုင်ငံမှာရှိတဲ့ အခြားမြို့ကြီးတွေမှာလည်း အလားတူ ဆောင်ရွက်မှုမျိုးတွေ ရှိလာနိုင်တယ်လို့ အီး-စီးကရက် ဆန့်ကျင်ရေးသမားတွေက မျှော်လင့်နေကြပါတယ်။
လေ့လာမှုတွေအရ အမေရိကန်နိုင်ငံမှာ အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေရဲ့ အီး-စီးကရက် သောက်သုံးမှုဟာ ၂၀၁၈ ခုနှစ်မှာ ၇၈ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံက တာဝန်ရှိသူ အမတ်တွေကတော့ Juul ကုမ္ပဏီနဲ့ အခြား အီး-စီးကရက် ကုမ္ပဏီတွေကို ထိရောက်တဲ့ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေကြပါတယ်။
ဇွန်လ ၂၅ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဥပဒေအရ အမေရိကန်အစားအစာနဲ့ ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ဌာန (FDA) ကနေ ခွင့်ပြုချက် ရရှိချိန်အထိ အီး-စီးကရက် ရောင်းချမှုနဲ့ ဖြန့်ဖြူးမှုတွေကို ပိတ်ပင်သွားမယ်လို့ သိရပါတယ်။
Ref. BBC
You may also like these stories:
အီး-စီးကရက် (Vape သောက်ခြင်း) က ကျန်းမာရေးကို ထိခိုက်စေနိုင်သလား
အိမ်အတွင်း ဆေးလိပ်သောက်ခြင်းကို တားမြစ်တော့မယ့် ထိုင်းနိုင်ငံ