ကလေးသူငယ်တွေအပေါ် လိင်အကြမ်းဖက်မှုတွေ များပြားလာတဲ့ ဒီနေ့ခေတ်မှာ ကလေးတွေကို လိင်ပညာပေး (Sex Education) သင်ကြားပေးဖို့ဆိုတာဟာ ရှက်စရာ ကိစ္စတခု မဟုတ်တော့ပါဘူး။
ကလေးတွေရဲ့ သဘာဝအရ ဖုံးကွယ်ထားတဲ့ ကိစ္စတွေကို ပိုမို စူးစမ်းချင်တာ၊ စမ်းသပ်ချင်တာတွေကြောင့် မဖြစ်သင့်တာတွေ မဖြစ်ရအောင်နဲ့ တခြားသူတွေဆီက လိင်အမြတ်ထုတ်တာတွေ၊ လိင်အကြမ်းဖက်ခံရတာမျိုး မဖြစ်အောင် လိင်ပညာပေးတွေကို ပြောပြသင်ကြားပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး သင်ကြားပေးခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုတွေကနေ ကင်းဝေးမယ်
မိဘတွေအနေနဲ့ ကလေးတွေကို လိင်ပညာပေးတွေ ပြောပြ သင်ကြားပေးမယ်ဆိုရင် ကလေးအချင်းချင်း ဖြစ်စေ၊ တခြား သူစိမ်းတယောက်ကဖြစ်စေ လိင်ပိုင်းဆိုင်ရာ စနောက် ထိပါးတာမျိုးနဲ့ အကြမ်းဖက် နှောင့်ယှက် ခံရတာမျိုးတွေကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
(၂) မိဘတွေကို ပိုမိုပွင့်လင်းစွာ တိုင်ပင်လာမယ်
လိင်အင်္ဂါနဲ့ ပတ်သက်တာတွေကို ကြိုတင် သင်ကြားပေးထားတဲ့အတွက် အသက်အရွယ်အလိုက် ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ပုံစံ၊ ဟော်မုန်း အပြောင်းအလဲ စတာတွေကို ရှက်ရွံမှု မရှိဘဲ မိဘတွေကို တိုင်ပင်လာမှာပဲ ဖြစ်ပါတယ်။ လိင်အင်္ဂါနဲ့ ပတ်သက်ပြီး ထိပါး နှောင့်ယှက်ခံရတာမျိုး ကြုံတွေ့လာတဲ့အခါမှာလည်း ပွင့်လင်းစွာ တိုင်ပင် ပြောပြလာနိုင်ပါတယ်။
(၃) စမ်းသပ်ချင်စိတ်တွေ လျော့ပါးလာမယ်
ကလေးတွေကို ပွင့်ပွင့်လင်းလင်း လိင်ပညာပေးထားမယ်ဆိုရင် သူတို့အနေနဲ့ အရွယ် မတိုင်ခင် စမ်းသပ်ချင်စိတ်တွေ လျော့ပါးလာနိုင်သလို သူတို့ရဲ့လိင်အင်္ဂါတွေကို သူတို့ ခွင့်ပြုချက်၊ ဆန္ဒ မပါဘဲ ထိတွေ့ကိုင်တွယ်ခံရတဲ့ ကိစ္စတွေလည်း လျော့ပါးလာနိုင်ပါတယ်။
၂၀၁၅ ခုနှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ စာသင်ကျောင်းတွေမှာ လိင်ပညာပေးသင်ကြားပေးခြင်းဟာ ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်ရမှုတွေ ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီး လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခံရမှုတွေ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ သိရပါတယ်။
You may also like these stories:
“သမီးနှစ်ယောက်ကို Sex Education သင်ပေးဖို့တော့ စောသေးတယ်”လို့ ညိုမင်းလွင် ပြော
လိင်ပညာပေး အတားအဆီးများကို ချိုးဖျက်သူ မွတ်စလင် အမျိုးသမီး ဆရာဝန်
“မုဒိမ်း ကျင့်တာမပြောနဲ့၊ Bully လုပ်ပြီး အနိုင်ကျင့်ရင်တောင် လွန်လှပြီ”လို့ ဖွေးဖွေး ပြော
လိင်ကျန်းမာရေးပညာပေး လိုအပ်နေဆဲ မြန်မာပြည်