Health

ကားမူးတတ်သူတွေအတွက် အသုံးတည့်စေမယ့် နည်းလမ်း ၅ မျိုး

ခရီးသွားတဲ့အခါ ကားမူးတတ်သူတွေကို ကြုံတွေ့ဖူးကြမှာပါ။ သာမန်လူတွေအတွက်တော့ ကားစီးတာဟာ ရေးကြီးခွင်ကျယ်ကိစ္စ မဟုတ်ပေမယ့် ကားမူးတတ်သူတွေ အနေနဲ့တော့ ကားစီးရမှာကို ကြောက်တဲ့အဆင့်ထိ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကားမူးတတ်သူတွေအတွက် အသုံးတည့်စေမယ့် နည်းလမ်းကောင်းအချို့ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) ဂျင်း

ဂျင်းဟာ ကားမူးခြင်းကြောင့် ဖြစ်ပေါ်တဲ့ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်းစတာတွေကို အလျင်အမြန် သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ဂျင်းအနည်းငယ်ကို ဝါးစားတာမျိုးဖြစ်ဖြစ်၊ Ginger Tea သောက်သုံးတာမျိုးပဲ ဖြစ်ဖြစ် ပြုလုပ်ခြင်းဟာ ကားမူးခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) Vitamin B6

Vitamin B6 ဟာ ကိုယ်ဝန်သည်တွေ ကိုယ်ဝန် စဆောင်စဉ်ကာလမှာ ဖြစ်ပေါ်တတ်တဲ့ ပျို့အန်ပြီး မအီမသာဖြစ်ခြင်းကို ပျောက်ကင်းစေနိုင်သလို ကားမူးတတ်သူတွေမှာဖြစ်တဲ့ ပျို့အန်ပြီး မူးဝေခြင်းကိုပါ ပျောက်ကင်းစေနိုင်ပါတယ်။ ကားမစီးခင် ၁၅ မိနစ်ခန့် အလိုလောက်မှာကတည်းက ကြိုပြီးသောက်သုံးပေးခြင်းအားဖြင့် ကားမူးခြင်းကို သက်သာစေနိုင်ပါတယ်။

(၃) အစားမစားဘဲ နေခြင်းကို ရှောင်ကြဉ်ပါ

ကားမူးတတ်သူအများစုဟာ ကားမူးတဲ့အခါ ပျို့အန်မှာကို စိုးရိမ်တာကြောင့် ဘာမှမစားဘဲ နေတတ်ကြပါတယ်။ ဘာမှ မစားဘဲ နေခြင်းဟာ ပျို့အန်တာကို သက်သာစေပေမယ့် မူးဝေခြင်းကိုတော့ မသက်သာစေနိုင်ပါဘူး။ ဒါကြောင့်မို့လို့ ဆီကြော် အစားအစာတွေကိုတော့ ရှောင်ကြဉ်ပြီး အသီးအနှံနဲ့ ရေများများ သောက်ခြင်းကိုတော့ ပြုလုပ်ပေးသင့်ပါတယ်။

(၄) ကားစီးတဲ့အခါ နေရာကို ဂရုတစိုက် ရွေးချယ်ပါ

ကားမူးတတ်သူတွေအနေနဲ့ ကားစီးတဲ့အခါ နေရာ ရွေးချယ်တတ်မှုကလည်း အရေးကြီးပါတယ်။ အိမ်ကားစီးသူတွေ အနေနဲ့ကတော့ ကားနောက်ခန်းရဲ့ အလယ်တည့်တည့်လောက်မှာ ထိုင်ခြင်းက ကားမူးခြင်းကို သက်သာစေနိုင်ပြီး Express ကားစီးသူတွေအနေနဲ့တော့ ကားရဲ့အနောက်ပိုင်းကျလွန်းတဲ့ ခုံနေရာတွေအစား အလယ်နားလောက်မှာ ထိုင်ခြင်းက ကားမူးတတ်သူတွေအတွက် အဆင်ပြေစေပါတယ်။

(၅) ကားမူးတတ်ခြင်းကို အာရုံ လွှဲထားပါ

ကားမူးတတ်သူတွေအနေနဲ့ ကားမူးခြင်းကို အာရုံစိုက်လွန်းရင်လည်း ပိုမိုဆိုးရွားနိုင်ပါတယ်။ ကားစီးတဲ့အခါ ဖုန်းအသုံးပြုတာမျိုးဟာ ကားမူးခြင်းကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် သီချင်း နားထောင်တာမျိုး၊ အသာအယာ မှေးစက်နေတာမျိုးက သက်သာစေနိုင်ပါတယ်။

Ref. www.rd.com

You may also like these stories:

သင့်ခန္ဓာကိုယ်မှာ ဗီတာမင် မပြည်ဝတော့ဘူး ဆိုရင်

ခံတွင်းအနံ့ ဆိုးခြင်းကို သက်သာစေမယ့် နည်းလမ်း ၅ ခု

Loading