ရေနွေးပူလောင်တာ၊ ဆီပူလောင်တာနဲ့ အပူလောင်တာမျိုးတွေ ဖြစ်တဲ့အခါ တော်တော်များများက လွယ်လွယ်ကူကူ အိမ်သုံးဆေးအဖြစ် သွားတိုက်ဆေးကို အပူလောင်ထားတဲ့ အရေပြားပေါ်မှာ သုတ်လိမ်းတတ်ကြပါတယ်။
သွားတိုက်ဆေးရဲ့ ပူရှိန်းရှိန်း အေးမြတဲ့ အထိအတွေ့ကြောင့် အပူလောင်ခြင်းကို သက်သာစေနိုင်တယ်လို့ ထင်ရပေမယ့် ဒါဟာ အရေပြားအတွက် ကြီးကြီးမားမား အန္တရာယ်ဖြစ်စေနိုင်တယ်လို့ အရေပြားအထူးကု ဆရာဝန်တွေက ရှင်းလင်းပြောဆိုထားပါတယ်။
သွားတိုက်ဆေးမှာပါဝင်တဲ့ Calcium နဲ့ Peppermint တို့ဟာ အရေပြားကို အေးမြစေပြီး ရုတ်တရက် သက်သာစေနိုင်တယ်လို့ ထင်ရပေမယ့် အပူလောင်ထားတာကြောင့် အထိခိုက် မခံဘဲ နုနယ်နေတဲ့ အရေပြားတွေအတွက်တော့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်လို့ အရေပြား ပလတ်စတစ်ဆာဂျရီ ပညာရှင် ဒေါက်တာ Ankur Bhatnagar က ပြောပါတယ်။
နောက်ထပ် လူအများစု အသုံးပြုတဲ့ နည်းလမ်းတခုဖြစ်တဲ့ အပူလောင်ထားတဲ့ နေရာကို ရေခဲတုံးနဲ့ ကပ်တဲ့ နည်းလမ်းဟာ ဆိုရင်လည်း သွေးလည်ပတ်မှုကို ရုတ်တရက် ရပ်တန့်သွားစေနိုင်တာကြောင့် အန္တရာယ်ရှိတဲ့ နည်းလမ်းတခု ဖြစ်တယ်လို့ ဒေါက်တာ Ankur Bhatnagar က ဆက်လက် ပြောကြားခဲ့ပါတယ်။
အခုနောက်ပိုင်း ထုတ်လုပ်တဲ့ သွားတိုက်ဆေးတွေမှာဆိုရင် သွားတိုက်တဲ့အခါ အေးမြပြီး ပူရှိန်းရှိန်း အရသာ ခံစားရအောင် ပရုတ်အေးတွေနဲ့ ဓာတုပစ္စည်းတွေ သုံးစွဲမှုများလာတာကြောင့် အရေပြားကို လိမ်းကျံဖို့ မသင့်တော်ပါဘူး။ သွားတွေကို ဖြူစင်စေဖို့ Detergent တွေ ထည့်သွင်း ပြုလုပ်ထားတာကလည်း အရေပြားကို လိမ်းကျံဖို့ လုံးဝ မသင့်တော်ဘူးလို့ အရေပြားဆရာဝန်တွေက အကြံပြု ပြောဆိုထားပါတယ်။
အပူလောင်တဲ့အခါ လက်မှာ ဝတ်ဆင်ထားတဲ့ နာရီ၊ လက်ပတ်၊ လက်ကောက် စတာတွေကို အမြန်ဆုံး ချွတ်ပြီး ရေခဲရေ မဟုတ်တဲ့ သဘာဝ ရေထဲမှာ ၁၅ မိနစ်ခန့် စိမ်ထားပေးဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ အပူလောင် ဒဏ်ရာတွေအတွက် ဖော်စပ်ထားတဲ့ အရေပြားလိမ်းဆေး တမျိုးမျိုးကို လိမ်းကျံသင့်ပြီး အပူလောင်ဒဏ်ရာက ကြီးကြီးမားမား ဆိုရင်တော့ ဆရာဝန်နဲ့ ကုသမှု ခံံယူသင့်တယ်လို့ အရေပြား ပညာရှင်တွေက ရှင်းလင်း အကြံပြုထားကြပါတယ်။
Ref. timesofindia.indiatimes.com
You may also like these stories:
ချောကလက်နဲ့ အသားအရေ ထိန်းသိမ်းပြုပြင်ခြင်း
အသားအရေနဲ့ ဆံပင်ကျန်းမာရေးအတွက် ဆန်ဆေးရေရဲ့ အသုံးဝင်ပုံများ
အရေပြား ကျန်းမာရေး ပြဿနာများအတွက် တမာရွက်ရဲ့ အသုံးဝင်ပုံများ