အသက်အရွယ်ကြောင့် မဟုတ်ဘဲ အရာဝတ္ထု ပစ္စည်းတွေကို မေ့လျော့တာ၊ ပြုလုပ်ရမယ့် ကိစ္စတွေကို မေ့လျော့တာမျိုးကို လူတိုင်းလိုလို ဖြစ်ဖူးကြမှာပါ။ တခါတရံ မေ့လျော့တာမျိုးက ပြဿနာ မရှိပေမယ့် အမြဲလိုလို ဖြစ်ပေါ်နေတတ်တယ်ဆိုရင်တော့ ဒါဟာ သင့်ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ဆက်စပ်နေတာဖြစ်ပြီး အခုဖော်ပြမယ့် အကြောင်းအရာတွေကြောင့် ဖြစ်နိုင်ပါတယ်။
(၁) အိပ်ရေးပျက်ခြင်း
လုံလောက်တဲ့ အိပ်စက်ချိန် မရှိခြင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်းတို့ဟာ မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပြီး မကြာခဏ မေ့လျော့တတ်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့ အဓိက အကြောင်းရင်းတခု ဖြစ်ပါတယ်။
(၂) သိုင်းရွိုက် ပြဿနာ ရှိခြင်း
လည်မျိုမှာရှိတဲ့ သိုင်းရွိုက် အကျိတ်ကြောင့် လိုအပ်တာထက် ပိုပြီး ဒါမှမဟုတ် လျော့ပြီး အလုပ်လုပ်တဲ့အခါ နှစ်ခြိုက်စွာ အိပ်မပျော်တာမျိုး၊ စိတ်ကျရောဂါနဲ့ မကြာခဏ မေ့လျော့တာမျိုးကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိပြုသင့်တဲ့ အကြောင်းရင်းတခုပဲ ဖြစ်ပါတယ်။
(၃) အရက်သောက်သုံးမှု များခြင်း
အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေ အလွန်အကျွံ သောက်သုံးခြင်းဟာ ဦးနှောက် မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပြီး မကြာခဏ မေ့လျော့တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) စိတ်ဖိစီးမှု များခြင်း
စိတ်ဖိစီးမှု များခြင်းဟာဆိုရင်လည်း ဦးနှောက် မှတ်ဉာဏ်တွေကို ထိခိုက်စေနိုင်ပြီး အာရုံံ စူးစိုက်နိုင်မှုကို လျော့ပါးစေကာ မကြာခဏ မေ့လျော့တတ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၅) ရေရှည် သောက်သုံံးနေရတဲ့ ဆေးတွေ
ရေရှည်စွဲမြဲ သောက်သုံးနေရတဲ့ ဆေးတချို့ (စိတ်ငြိမ်ဆေး၊ သွေးပေါင်ချိန် ထိန်းညှိပေးတဲ့ ဆေး) တွေဟာဆိုရင်လည်း စွဲစွဲမြဲမြဲ သောက်သုံးတဲ့အခါ မှတ်ဉာဏ်ကို လျော့နည်းစေပြီး မကြာခဏ မေ့လျော့တာမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Ref. www.health.harvard.edu
You May Also Like These Stories:
မေ့တတ်လွန်းသူတွေ နေ့စဉ် စားသုံးပေးသင့်တဲ့ အစားအစာ ၅ မျိုး