သုတေသန ပညာရှင်တွေရဲ့ လူပေါင်း ၄၇၀,၀၀၀ ကျော်ကို ပြုလုပ်ခဲ့တဲ့ သုတေသန လေ့လာချက်တွေအရ လမ်းလျှောက် မြန်သူတွေဟာ ပုံမှန် အေးအေးဆေးဆေး လမ်းလျှောက်သူတွေထက် အသက် ပိုရှည်ကြတဲ့အပြင် သက်တမ်းစေ့ထက် ၁၅ နှစ်ခန့်ပိုပြီး အသက်ရှည်နိုင်ခြေရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ဒီလေ့လာချက်အရ လူတွေရဲ့ ကိုယ်အလေးချိန်ကို ထည့်သွင်းစဉ်းစားဖို့ မလိုအပ်ကြောင်းနဲ့ ကိုယ်အလေးချိန်များပြီး အဝ လွန်သူတွေမှာပါ ဒီလေ့လာချက်ဟာ အကျိုးသက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။
ဒီသုတေသန လေ့လာချက်ကို ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့တာဖြစ်ပြီး လမ်းလျှောက်နှေးသူတွေရဲ့ ပျမ်းမျှအသက်ရှည် နေထိုင်နိုင်မှုဟာ အမျိုးသားတွေမှာ ၆၄ နှစ်ခန့်နဲ့ အမျိုးသမီးတွေမှာ ၇၂ ခန့်ပဲ ဖြစ်ပါတယ်။ လမ်းလျှောက် မြန်သူတွေမှာတော့ ပျမ်းမျှအားဖြင့် အမျိုးသမီးတွေမှာ ၈၇ နှစ်အထိ အသက်ရှည်နိုင်ခြေရှိပြီး အမျိုးသားတွေမှာတော့ ၈၅ နှစ်အထိ ရှိကြောင်း လေ့လာမှုတွေက ဆိုပါတယ်။
ဒီလေ့လာတွေ့ရှိမှုကို ဦးဆောင် ပြုလုပ်ခဲ့သူ အင်္ဂလန်နိုင်ငံ၊ University of Leicester က ဒေါက်တာ Tom Yates ရဲ့အဆိုအရ လမ်းလျှောက်မြန်သူတွေဟာ ကိုယ်အလေးချိန်များပြီး အဝလွန်နေခဲ့ရင်တောင် ဒီလေ့လာချက်ဟာ မှန်ကန်နေတယ်လို့ ဆိုပြီး လမ်းလျှောက်မြန်ခြင်းဟာ လူ့သက်တမ်းအပေါ် သက်ရောက်မှုတွေရှိကြောင်း Mayo Clinic Proceedings ဂျာနယ်မှာ သက်သေ သာဓကတွေနဲ့ ဖော်ထုတ် ပြောဆိုခဲ့ပါတယ်။
“လမ်းလျှောက်တဲ့အခါ သာမန် ဖြည်းဖြည်း လျှောက်ခြင်းထက် ခပ်မြန်မြန်လျှောက်ခြင်းဟာ အရွယ် မတိုင်ခင် သေဆုံးခြင်းကို လျှော့ချပေးနိုင်သလို သက်တမ်းစေ့ နေနိုင်စေဖို့ များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လမ်းလျှောက်နှေးသူတွေဟာ လမ်းလျှောက်မြန်သူတွေထက် နှလုံးရောဂါနဲ့ အရွယ် မတိုင်ခင်သေဆုံးနိုင်ခြေ နှစ်ဆ များနိုင်ပါသေးတယ်” လို့ ဒေါက်တာ Tom Yates က ဆိုပါတယ်။
Ref. nypost.com