ဒီစာကို ဖတ်နေတဲ့သူ တော်တော်များများလည်း ငယ်ငယ်က ရွှံဗွက်တွေ ဖုန်တွေကြားမှာ ဆော့ဖူးလိမ့်မယ်လို့ ထင်ပါတယ်။ တချို့တွေဆို ဆော့လွန်းလို့ မိဘတွေ ရိုက်တာကို ခံဖူးသူတွေပါ ပါလိမ့်မယ်။ ဒါပေမယ့် တွေ့ရှိချက်တွေအရ အဲဒီလို ညစ်ပတ်ပေရေနေအောင် ဆော့တဲ့ ကလေးတွေဟာ တခြား ကလေးတွေထက် ပိုပြီး ကျန်းမာတယ်လို့ ဆိုပါတယ်။
မိဘတော်တော်များများက ကလေးတွေကို ပိုးမွှားအန္တရာယ်နဲ့ အခြား အန္တရာယ်တွေနဲ့ မကြုံတွေ့စေချင်တဲ့ အတွက် ညစ်ညစ်ပတ်ပတ် ဆော့ကစားတာကို တားမြစ်လေ့ရှိကြပါတယ်။
ကလေးသုသေသန ပညာရှင် စာရေးဆရာဖြစ်တဲ့ Richard Louv ရဲ့ လေ့လာချက်မှာ အမေရိကန်နိုင်ငံက မိဘနဲ့ သားသမီး အယောက် ၃၀၀၀ ကျော်ကို မေးမြန်းကြည့်တဲ့ အခါ မိဘေေတွေ အနေနဲ့ အိမ်အပြင်မှာ ပေးမဆော့စေချင်တဲ့ အပြင် သားသမီးတွေ ကိုယ်တိုင်ကလည်း ဆော့ကစားချင်စိတ်မရှိဘူးလို့ ဖြေကြားကြပါတယ်။
ကလေးတွေဟာ အိမ်ထဲက အိမ်ပြင်ထွက်ချင်စိတ်မရှိကြဘဲ အိမ်ထဲမှာသာ လျှပ်စစ်ပစ္စည်းတွေနဲ့သာ အချိန်ကုန်ချင် ကြတယ်လို့ အဲဒီ စာရေးဆရာက ပြောပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့ ကလေးတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ပေးဖို့ လိုအပ်ပြီး အနည်းငယ်ညစ်ပတ်ပေရေတာဟာလည်း ဘယ်သူ့ကိုမှ ဒုက္ခရောက်စေမှာ မဟုတ်ပါဘူး။ အိမ်အပြင်မှာ ထွက်ဆော့ပြီး မတော်တဆ ဒဏ်ရာရတာ ဒါမှမဟုတ် ဗွက်တွေ ပေရေ သွားတာဟာ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးတာကြောင့် မိဘေတွေ အနေနဲ့ အချိန်ပေးပြီး ဆော့ခိုင်းဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။
မြက်ခင်းနဲ့ မြေကြီးတွေမှာ ရှိနေတဲ့ ဘက်တီးရီးယားအချို့ဟာ ကလေးတွေရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေတာကြောင့် အရမ်း ညစ်ပတ်တဲ့ နေရာမျိုးမဟုတ်တဲ့ အိမ်အပြင်မှာ ဆော့ခိုင်းခြင်းဟာ ကလေးကို စိတ်ကျရောဂါ နဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးခြင်း စတာတွေကို လျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။
ကလေးကို သဘာဝတရားနဲ့ မကြာခဏထိတွေ့ခိုင်းခြင်းကြောင့် တီထွင်ဖန်တီးမှုကောင်းမွန်ခြင်း၊ လူမှုဆက်ဆံရေး ကောင်းမွန်ခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
တခုအရေးကြီးတာကတော့ ကလေးက ဆော့ကစားနေတဲ့ အချိန်မှာ မိဘက စောင့်ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ သင့်မျက်စိရှေ့မှာပဲကလေးကို ညစ်ပတ်ပေရေ ပျော်ရွှင်အောင် ဆော့ကစားခိုင်းခြင်းဖြင့် ထိန်းကျောင်းကြည့်ဖို့ အကြံပေးချင်ပါတယ်။
Ref;Brightside