ကိုယ်ခန္ဓာ သွေးလည်ပတ်မှု မကောင်းမွန်တဲ့အခါ ပြသတဲ့ လက္ခဏာတွေဟာ တခြားသော ရောဂါလက္ခဏာတွေလို ထင်ရှားခြင်း သိပ်မရှိပေမယ့် ကိုယ်တွင်း သွေးလည်ပတ်မှု မကောင်းခြင်းဟာ ကျန်းမာရေးအတွက်တော့ အန္တရာယ် ရှိပါတယ်။ ဒါကြောင့်မို့လို ကိုယ်တွင်း သွေးလည်ပတ်မှု မကောင်းမွန်တဲ့အခါ ပြသလေ့ရှိတဲ့ ကျန်းမာရေး လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ခြေဖျားလက်ဖျားများ အေးခြင်း
ရာသီဥတုအေးလို့ ခြေဖျားလက်ဖျားတွေ အေးတာမျိုး မဟုတ်ဘဲ မကြာခဏ ဆိုသလို ခြေဖျားလက်ဖျားတွေ အေးနေတတ်တယ်ဆိုရင် ဒါဟာ ကိုယ်တွင်း သွေးလည်ပတ်မှု မကောင်းဘူးဆိုတာကို ဖော်ပြနေတာပါ။ ခြေထောက်နဲ့ လက်တွေဆီကို လုံလောက်တဲ့ သွေးစီးဆင်းမှု မရှိတဲ့အခါ တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေထက် ပိုအေးနေတတ်တာမျိုး ဖြစ်ပါတယ်။
(၂) ခြေလက်တွေ ထုံကျဉ်ခြင်း
သွေးလည်ပတ်မှု မကောင်းမွန်ကြောင်းကို ပြသလေ့ရှိတဲ့ လက္ခဏာတခု ဖြစ်ပြီး ခြေ၊ လက်တွေဆီ သွေးမရောက်နိုင်တာကြောင့် ထုံကျဉ်တဲ့ ဝေဒနာမျိုးကို ခံစားရတာ ဖြစ်ပါတယ်။
(၃) ဖောရောင်ခြင်း
ခြေထောက်နဲ့ ခြေကျင်းဝတ်တို့မှာ အဖြစ်များပြီး ခန္ဓာကိုယ် နေရာအနှံ့ကို ကောင်းမွန်တဲ့ သွေးလည်ပတ်မှု မရှိတဲ့အခါ ခြေထောက်နဲ့ ခြေကျင်းဝတ်တွေ ဖောရောင်လာတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ဖောရောင်ခြင်း ဖြစ်တဲ့အခါ အရေပြားတွေ တင်းလာတာ၊ အဆစ်အမြစ်တွေ နာကျင် ကိုက်ခဲလာတာမျိုးကို ခံစားရနိုင်ပါတယ်။
(၄) အစာခြေစနစ်မှာ ကျန်းမာရေး ပြဿနာများ ရှိလာခြင်း
ကိုယ်တွင်း သွေးလည်ပတ်မှုဟာ အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုတွေပေါ်မှာလည်း သက်ရောက်နေတာကြောင့် သွေးလည်ပတ်မှု မကောင်းမွန်တဲ့အခါ ဝမ်းဗိုက်အောင့်တာ၊ ဝမ်းချုပ်တာနဲ့ ဝမ်းသွားတဲ့အခါ သွေးပါတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
Ref. www.medicalnewstoday.com