အူမကြီးကင်ဆာရောဂါဟာ ကမ္ဘာမှာ အဖြစ်အများဆုံး ကင်ဆာရောဂါတွေထဲက တခုဖြစ်ပြီး အူမကြီးကင်ဆာကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းတွေကတော့ အသားစားသုံံးမှု များတာ၊ ဆေးလိပ်သောက်တာနဲ့ အယ်လ်ကိုဟော သောက်သုံးမှုများခြင်းတို့ကြောင့် ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ဆေးသိပ္ပံပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာချက်တွေအရ ကြက်သွန်မျိုးနွယ်ဝင် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ကြက်သွန်မြိတ်တို့ကို နေ့စဉ် ပုံမှန်စားသုံံးပေးခြင်းဟာ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။
ကြက်သွန်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ ဒီလေ့လာမှုမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာချက်တွေမှာ တွေ့ရပြီး အခုနောက်ဆုံး ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာမှုမှာတော့ ကြက်သွန်ကို ပုံမှန်စားသုံံးပေးခြင်းဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၇၉ ရာခိုင်နှုန်းခန့်ထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒီသုတေသန လေ့လာမှုအတွက် တရုတ်နိုင်ငံက ဆေးသုတေသန ပညာရှင်တွေဟာ အရွယ်ရောက်ပြီး လူပေါင်း ၈၀၀ ကျော်ခန့်ကို အုပ်စု ၂ စုခွဲကာ လေ့လာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလေ့လာမှုအတွက် အချိန် ၂ နှစ်ကျော်ခန့် အချိန်ယူခဲ့တာပါ။
အုပ်စု A ကိုတော့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ကြက်သွန်မျိုးနွယ်ဝင် အစားအစာတွေကို ကျွေးမွေးစေခဲ့ပြီး အုပ်စု B ကိုတော့ အနည်းအကျဉ်းလောက်သာ ကျွေးမွေးပြီး လေ့လာ စောင့်ကြည့်တဲ့အခါ အုပ်စု B ဟာ အူမကြီးကင်ဆာဖြစ်နိုင်ခြေ ပိုများနေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီလိုစောင့်ကြည့် လေ့လာခဲ့ရာမှာ နောက်ထပ် တွေ့ရှိမှုတခုကတော့ ကြက်သွန်ကို ချက်ပြုတ် စားသုံးခြင်းထက် အစိမ်းစားခြင်းက ကင်ဆာဖြစ်နိုင်ခြေကို ထိရောက်စွာ ကာကွယ်နိုင်ကြောင်းကို တွေ့ရှိခဲ့ပါတယ်။
ဒါနဲ့ပက်သက်ပြီး သုတေသနလေ့လာမှုရဲ့ ဦးဆောင်သူ တရုတ်လူမျိုး ဒေါက်တာ Zhi Li က “ကြက်သွန်မျိုးနွယ်ဝင် အစားအစာတွေဟာ အဓိကအားဖြင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်တာပါ။ ကျနော်တို့ နိုင်ငံမှာတော့ အူမကြီးကင်ဆာဟာ အဖြစ်များတဲ့ ကင်ဆာရောဂါတမျိုး ဖြစ်တာကြောင့် ဒီလေ့လာတွေ့ရှိမှုဟာ တော်တော်အားရစရာ ကောင်းပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး “ကြက်သွန်တွေကို ချက်ပြုတ်လိုက်တဲ့အခါ သူ့မှာပါဝင်တဲ့ အာဟာရဓာတ်ဟာ ၃၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားတာကြောင့် အစိမ်းစားပေးခြင်းက ပိုပြီးထိရောက်စေနိုင်မှာပါ”လို့ ဒေါက်တာ Zhi Li က ပြောကြားခဲ့ပါတယ်။
Ref. www.sciencedaily.com
You may also like these stories:
အအေးမိ၊ တုပ်ကွေး ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ ကြက်သွန်ဖြူ
ဆံကေသာ ကျန်းမာရေးအတွက် ကြက်သွန်ဖြူရဲ့ အသုံးဝင်ပုံများ
အစပ်ကြိုက်သူတွေ ခံတွင်းမြိန်စေမယ့် ကြက်သွန်ဖြူပုစွန်အစပ်ကြော်