Health

မကြာခဏ လက်သည်းကိုက်လေ့ရှိတဲ့ မိန်းကလေး အရေပြားကင်ဆာရောဂါ ခံစားနေရ

လက်သည်းကိုက်တတ်တဲ့ အလေ့အကျင့်ဟာ အသေးအဖွဲလေးလို့ ထင်ရပေမယ့် ဒီအကျင့်ကို ဖျောက်ဖျက်ပစ်ဖို့က တကယ်ကိုပဲ ခက်ခဲပါတယ်။ လက်သည်းကိုက်တဲ့အကျင့်ရှိသူတွေဟာ စိတ်လှုပ်ရှားတဲ့အခါ သတိမထားမိဘဲ ကိုက်တတ်သလို စိတ်ရှုပ်ထွေးချိန်တွေမှာလည်း လက်သည်းကိုက်တတ်ကြပါတယ်။

Courtney Whithorn လို့ခေါ်တဲ့ အသက် ၂၀ ဝန်းကျင်ရှိ စိတ်ပညာကျောင်းသူ အမျိုးသမီးလေးကတော့ မကြာခဏဆိုသလို လက်သည်းကိုက်တတ်တဲ့ အကျင့်ကြောင့် ပိုးဝင်ပြီး အရေပြားကင်ဆာရောဂါကို ခံစားနေရပြီပဲ ဖြစ်ပါတယ်။

တစုံတခုကို အာရုံစူးစိုက်နေချိန်မှာပဲဖြစ်ဖြစ်၊ စိတ်လှုပ်ရှားနေချိန်တွေမှာပဲဖြစ်ဖြစ် သူမဟာ လက်သည်းကိုက်လေ့ရှိပြီး လွန်ခဲ့တဲ့ လေးနှစ်လောက်ကစပြီး လက်မက လက်သည်းတွေကို မကြာခဏဆိုသလို ကိုက်နေတတ်တာလည်း ဖြစ်ပါတယ်။ လက်သည်းတွေ အနည်းငယ်ပြန်ရှည်လာတာနဲ့ ကိုက်တတ်တာကြောင့် လက်မက လက်သည်းတွေဟာ ပြန်ရှည်လာတယ်ဆိုတာမျိုးက မရှိသလောက်ပါပဲ။

ဒီလို မကြာခဏဆိုသလို လက်သည်းကိုက်တတ်တာကြောင့် လက်သည်းတွေဟာ တဖြည်းဖြည်း ညိုမည်းလာခဲ့ပြီး လက်မတချောင်းလုံးဟာလည်း ရောင်ကိုင်းကာ အရေပြားတွေပါ တွန့်လာခဲ့ချိန်မှာတော့ Courtney ဟာ အရေပြားဆရာဝန်တွေဆီ သွားရောက်ပြသခဲ့ပါတယ်။

အရေပြားဆာဂျရီဆရာဝန်တွေက သူမရဲ့လက်မဟာ ပုံမှန်ထက်ပိုပြီး ရောင်ကိုင်းညိုမည်းနေတာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အခါ အရေပြားကင်ဆာ ဖြစ်ပွားနေကြောင်းကို တွေ့ရှိခဲ့ပြီး ကင်ဆာဆဲလ်တွေဟာ လက်မတချောင်းလုံးနီးပါး ပျံ့နှံ့နေတာဖြစ်တဲ့အတွက် အရေးပေါ်ဆေးကုသမှုတွေကို ပြုလုပ်ခဲ့ရပါတယ်။

ပြင်းထန်တဲ့ ကင်ဆာဆဲလ်တွေကြောင့် လက်မကို အချိန်မရွေး ဖြတ်တောက်ပစ်ရနိုင်တယ်လို့ ဆရာဝန်တွေက Courtney ကို ကြိုတင်ပြောပြထားပြီး ဆေးကုသမှုခံယူဖို့အတွက် ကျောင်းနားဖို့ အကြံပြုခဲ့တာကြောင့် လက်ရှိမှာတော့ သူမဟာ ကျောင်းနားပြီး ဆေးကုသမှုတွေကို ခံယူနေရတာပါ။

“ လက်သည်းတွေ စပြီးညိုမည်းလာချိန်ကို သတိပြုမိပေမယ့် ကျမသုံးတဲ့ လက်သည်းအလှကုန်တွေနဲ့ လက်သည်းအတုတပ်တာတွေကြောင့် ဖြစ်မယ်လို့ ထင်ခဲ့တာပါ။ ကင်ဆာဆဲလ်တွေက တော်တော်လေး ပျံ့နေတာကြောင့် လက်မကို အချိန်မရွေးဖြတ်ပစ်ရနိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ မနက်မိုးလင်းတိုင်း ကျမလက်မတွေ မရှိတော့ဘူးလားဆိုပြီး ကြည့်ရတာကလည်း ကျမကိုထိတ်လန့်စေပါတယ်” လို့ Courtney က ဆိုပါတယ်။

Ref. www.thesun.com

You may also like these stories:

အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ဖြစ်စေနိုင်တဲ့ အလေ့အကျင့်များ

လက်သည်းနီဆိုးခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘယ်လို သက်ရောက်မှုရှိစေလဲ 

အလှအပအတွက် မျက်တောင်ဆက်ရာကနေ မျက်လုံးကွယ်မလို ဖြစ်ခဲ့တဲ့ အမျိုးသမီး

အကျင့်ဆိုးတွေရဲ့ နောက်ကွယ်က ကျန်းမာရေး ပြဿနာများ

Loading