ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးစွဲခွင့်ကို ဥပဒေအရ တရားဝင် သတ်မှတ်ပေးပြီးနောက်မှာ နောက်ဆုံးအဆင့် ကင်ဆာ ရောဂါသည်တွေကို ဆေးခြောက်နဲ့ ပြုလုပ်ထားတဲ့ ဆေးဝါးတွေ စတင်ဖြန့်ဝေနေပြီလို့ သိရပါတယ်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးစွဲမှု တရားဝင် သတ်မှတ်ပြီးနောက် အာဏာပိုင်တွေက ဆေးခြောက်ဆီပါဝင်တဲ့ ပုလင်းပေါင်း ၄၀၀၀ ကျော်ကို ဆေးခန်း ၁၂ ခုထံ ကနဦး ဖြန့်ဝေတာ ဖြစ်ပါတယ်။
“ဖြန့်ဝေဖို့ အတွက် ကျနော်တို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ ဆေးခြောက် ဆေးပေးခန်း ဖွင်လှစ်တဲ့ အခမ်းအနားမှာ Khon Kaenrul ဆေးရုံရဲ့ ဆေးရုံအုပ်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
“ကျနော်တို့မှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးစွဲဖို့ လေ့ကျင့်ထားပေးတဲ့ ဆရာဝန် ၆ ဦး၊ ကျွမ်းကျင်သူများနဲ့ ဆေးမှူးတွေ ရှိနေပြီး ဖြစ်ပါတယ်”လို့ အဲဒီ ဆေးရုံမှူးက ပြောပါတယ်။ အာဏာပိုင်တွေရဲ့ စီမံကိန်းတွေနဲ့အတူ နိုင်ငံတွင်းမှာ အခြား ဆေးခြောက် ဆေးပေးခန်းတွေကို ဖွင့်လှစ် ဖြန့်ဝေသွားဦးမယ်လို့ သိရပါတယ်။
ဆေးခြောက်ဆီမှာ ပါဝင်တဲ့ ဓာတ်တွေဟာ နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေပြီး ကင်ဆာဆေးကြောင့် ဖြစ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ဆေးခြောက်၊ သံလွင်ဆီနဲ့ အုန်းဆီတွေ ပါဝင်တဲ့ ထိုင်းရိုးရာ တိုင်းရင်ဆေးတွေကို စက်တင်ဘာလမှာ ဆေးရုံနဲ့ ဆေးပေးခန်းတွေကို ဖြန့်ဝေနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ စီးပွားရေးအရ ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့်ပြုခဲ့တာ ဖြစ်တဲ့အပြင် အခြားကျန်းမာရေး ရည်ရွယ်ချက်တွေလည်း ရှိနေပါတယ်။ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့် ပေးခဲ့တာကြောင့် ထိုင်းနိုင်ငံဟာ အာဆီယံနိုင်ငံများအတွင်းမှာ ဆေးခြောက်သုံးစွဲခွင့် တရားဝင် ရရှိခဲ့တဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
Ref. efe.com