နေရောင်ကာခရင်မ် (Sunscreen) ကို အများအားဖြင့် နေပူထဲသွားတဲ့ အခါမျိုးနဲ့ နွေရာသီလို နေအပူရှိန် ပြင်းတဲ့အချိန်မျိုးတွေမှာသာ အသုံးပြုရမယ်လို့ သိထားကြပေမယ့် အရေပြား သုတေသန ပညာရှင်တွေရဲ့ အခု နောက်ဆုံး ပြုလုပ်တဲ့ လေ့လာချက်တွေအရ ဖုန်းနဲ့ ကွန်ပျူတာ နေ့စဉ် အသုံးပြုနေသူတွေဟာ Sunscreen မဖြစ်မနေ လိမ်းသင့်တယ်လို့ အကြံပြု ပြောဆိုထားပါတယ်။
လေ့လာသူတွေရဲ့ အဆိုအရ တနေ့တာ အသုံးပြုနေတဲ့ ဖုန်းနဲ့ ကွန်ပျူတာတို့ကနေ ထွက်တဲ့ ရောင်ခြည်တွေဟာ နေပူထဲမှာ အမိုးအကာ မပါဘဲ နေရောင်ကာခရင်မ် မလိမ်းဘဲ မိနစ် ၂၀ ခန့်နေတဲ့အခါ အသားအရေ ပျက်စီးတာမျိုးနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။
နေပူထဲ သွားလာ လုပ်ကိုင်ရတဲ့ အလုပ်မျိုး မဟုတ်ဘဲ ရုံးမှာ နေ့စဉ် ကွန်ပျူတာ၊ ဖုန်း အသုံးပြုနေသူတွေဟာ ဘာကြောင့် အသားအရေ အိုမင်းပျက်စီးပြီး အရေးအကြောင်းတွေ အလွယ်တကူ ပေါ်ပေါက်နေရတာလဲဆိုတဲ့ အဖြေကို အရေပြားပါရဂူတွေဟာ အခုချိန်မှာတော့ အဖြေ အတိအကျ ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နေ့စဉ် ကွန်ပျူတာနဲ့ ဖုန်းအသုံးပြုနေရသူတွေကို Pigmentation Test (အရောင်ချယ် စမ်းသပ်ခြင်း) ပြုလုပ်ကြည့်တဲ့အခါ အသားအရေရဲ့ အတွင်းပိုင်းထိကို ဖုန်းနဲ့ ကွန်ပျူတာတွေကနေ ထုတ်လွှတ်တဲ့ Blue Ray တွေဟာ ထိထားတာကြောင့် အသားအရေဟာ နေလောင်ထားသလိုမျိုး အိုမင်း ပျက်စီးလာတာကို တွေ့ရှိခဲ့ရပါတယ်။
ဖုန်းနဲ့ ကွန်ပျူတာတွေကနေ ထွက်ရှိတဲ့ ဒီ Blue Ray တွေဟာ ခရမ်းလွန်ရောင်ခြည်တွေလိုပဲ အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တာကို လေ့လာတွေ့ရှိခဲ့ပြီး ခရမ်းလွန်ရောင်ခြည်တွေနဲ့ မတူညီတာ တခုကတော့ ဖုန်းနဲ့ ကွန်ပျူတာတို့ကနေ ထွက်တဲ့ Blue Ray တွေဟာ အရေပြားကင်ဆာကိုတော့ မဖြစ်စေနိုင်ဘူးဆိုတာပဲ ဖြစ်ပါတယ်။
အရေပြားကင်ဆာ မဖြစ်စေနိုင်ဘူးဆိုပေမယ့် ဒါဟာ ပေါ့လျော့သင့်တဲ့ ကိစ္စတခုတော့ မဟုတ်ပါဘူး။ ဖုန်းနဲ့ ကွန်ပျူတာတို့က ထွက်တဲ့ Blue Ray တွေဟာ နေရောင်ခြည် UV Ray တွေထက် အသားအရေရဲ့ အတွင်းပိုင်းထိကို ထိုးဖောက်နိုင်ပါတယ်။
ဒါကြောင့်မို့လို့ နေ့စဉ် ကွန်ပျူတာနဲ့ဖုန်း အသုံးပြုနေသူတွေဟာ ရေရှည်မှာ အသားအရေကို ထိခိုက် ပျက်စီးစေနိုင်တာကြောင့် SPF 30 ခန့်ပါတဲ့ နေရောင်ကာခရင်မ် နေ့စဉ် အသုံးပြုပေးဖို့ လိုအပ်တယ်လို့ အရေပြားပညာရှင်တွေက အကြံပြု ပြောဆိုထားပါတယ်။
Ref. newstalk.com