ပန်းသီးရှာလကာရည်ဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်တဲ့ သဘာဝပစ္စည်း တမျိုး ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်မှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်ဟာ အရေပြား ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် ပန်းသီးရှာလကာရည်ကို အသုံးပြုပြီး ခြေထောက်စိမ်ခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ခြေထောက် မှိုစွဲခြင်းကနေ ကာကွယ်ပေးတယ်
အခုလို မိုးတွင်းကာလမှာ အဖြစ်အများဆုံးကတော့ ခြေထောက် မှိုစွဲတာနဲ့ ခြေသည်း မှိုစွဲပြီး အရေပြားယားယံ နီမြန်းတာမျိုးပဲ ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည် အနည်းငယ်ကို ရေခပ်နွေးနွေးနဲ့ ရောစပ်ပြီး တပတ်မှာ ၂ ကြိမ်ခန့် ခြေထောက်စိမ်ပေးခြင်းက ခြေထောက်အရေပြား မှိုစွဲခြင်းကို သိသိသာသာ သက်သာစေပါတယ်။
(၂) ကြွက်သား တောင့်တင်းခြင်းကို သက်သာစေတယ်
တနေကုန် သွားလာ လှုပ်ရှားရတာကြောင့် ခြေထောက်ကြွက်သားတွေ တောင့်တင်းပြီး နာကျင် ကိုက်ခဲနေတဲ့အခါ ပန်းသီး ရှာလကာရည်နဲ့ ရေခပ်နွေးနွေးတို့ကို ရောစပ်ကာ ခြေထောက် စိမ်ပေးနိုင်ပါတယ်။
(၃) ခြေထောက် အနံ့ဆိုးထွက်ခြင်းကို ဖယ်ရှားပေးနိုင်တယ်
ပန်းသီး ရှာလကာရည်ဟာ သဘာဝ ပိုးသတ်ဆေးတမျိုး ဖြစ်သလို အနံ့ပျောက်ဆေး တမျိုးလည်း ဖြစ်ပါတယ်။ ခြေထောက်က အနံ့ဆိုးထွက်ခြင်းဟာ ချွေးနဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့အတွက် ပန်းသီးရှာလကာရည်ကိုသုံးပြီး ခြေထောက်စိမ်ပေးခြင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
(၄) ခြေဖနောင့် ကွဲခြင်းကို ပျောက်ကင်းစေနိုင်တယ်
ရာသီဥတုကြောင့်ဖြစ်စေ၊ လှုပ်ရှားသွားလာရ များသူတွေမှာဖြစ်စေ ဖြစ်တတ်တဲ့ ခြေဖနောင့် ခြောက်သွေ့ကွဲအက်ခြင်းကို ပန်းသီးရှာလကာရည် အသုံးပြုပြီး ခြေထောက်စိမ်ခြင်းက ကုသပေးနိုင်ပါတယ်။ ရေခပ်နွေးနွေးနဲ့ ပန်းသီး ရှာလကာရည်တို့ကို ရောစပ်ကာ ခြေထောက်စိမ်ပေးပြီး ကွဲအက်နေတဲ့ ခြေဖနောင့်တဝိုက်ကို ခြေထောက်တိုက်တဲ့ ကျောက်တုံးငယ်တွေနဲ့ ပွတ်တိုက်ပေးခြင်းအားဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။
Ref. www.littlethings.com
You may also like these stories:
သွေးလှည့်ပတ်မှုကောင်းမွန်ပြီး အညောင်းအညာပြေစေမယ့် ခြေထောက် ဆေးစိမ်နည်းများ
ကိုယ်ပေါ်က အလှပျက်စေတဲ့ အသားပိုစတွေကို ပန်းသီးရှာလကာရည်နဲ့ ဖယ်ရှားမယ်