အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့ နိုင်ငံတွေဟာ ဖွံ့ဖြိုး တိုးတက်မှု အပိုင်းမှာ ရှေ့တန်းရောက်နေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမှာ ဆိုရင်လည်း ဒီနိုင်ငံတွေဟာ ဥရောပနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ နိုင်ငံတွေလည်း ဖြစ်ကြပါတယ်။
၂၀၁၉ ခုနှစ်အတွက် ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံတွေရဲ့ စာရင်းကို အမေရိကန် မဂ္ဂဇင်းတစောင်ဖြစ်တဲ့ CEOWORLD မဂ္ဂဇင်းက ထုတ်ပြန်ပေးခဲ့ပါတယ်။ အဲဒီမဂ္ဂဇင်းရဲ့ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ကျန်းရေးစောင့်ရှောက်မှု အကောင်းဆုံး နိုင်ငံတွေရဲ့စာရင်းမှာ အဆင့် ၆ နေရာက ရပ်တည်နေတယ်လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
CEOWORLD မဂ္ဂဇင်းအနေနဲ့ အခုစာရင်းကို စက်တင်ဘာလ အစောပိုင်းတုန်းက ထုတ်ပြန်ပေးခဲ့တာဖြစ်ပြီး အာရှနိုင်ငံ အနည်းစုသာ ပါဝင်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ထိုင်းနိုင်ငံဟာ ကျန်းမာရေး စောင့်ရှောက်မှု ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ ပါဝင်လာနိုင်ခဲ့ပါတယ်။
အာရှနိုင်ငံတွေထဲမှာဆိုရင် တောင်ကိုရီးယားနိုင်ငံက အဆင့် ၂ နေရာမှာ ရှိနေပြီး ဂျပန်နိုင်ငံက အဆင့် ၃ နေရာမှာ ရှိနေပါတယ်။ CEOWORLD မဂ္ဂဇင်းအနေနဲ့ နိုင်ငံပေါင်း ၈၉ နိုင်ငံကို သုတေသန ပြုလုပ်ပြီး အခုလိုထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။
CEOWORLD မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ကျန်းမားရေး စောင့်ရှောက်မှု အကောင်း ဆုံး ၁၀ နိုင်ငံကတော့ —
၁။ ထိုင်ဝမ်နိုင်ငံ
၂။ တောင်ကိုရီးယားနိုင်ငံ
၃။ ဂျပန်နိုင်ငံ
၄။ သြစတြီးယားနိုင်ငံ
၅။ ဒိန်းမတ်နိုင်ငံ
၆။ ထိုင်းနိုင်ငံ
၇။ စပိန်နိုင်ငံ
၈။ ပြင်သစ်နိုင်ငံ
၉။ ဘယ်လ်ဂျီယံနိုင်ငံနဲ့
၁၀။ သြစတြေးလျနိုင်ငံတို့ ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံး ၁၀ နိုင်ငံစာရင်းမှာ အာရှနိုင်ငံတွေက ထိပ်ဆုံးအဆင့်မှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ကျန်းမာရေးစောင့်ရှောက်မှု အဆိုးဝါးဆုံး နိုင်ငံကတော့ ဗင်နီဇွဲလားနိုင်ငံပါပဲ။
CEOWORLD မဂ္ဂဇင်းအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကောင်း၊ အဆိုးကို ခွဲခြားရာမှာ နိုင်ငံတနိုင်ငံရဲ့ ကျန်းမာရေးစနစ် ကောင်း၊ မကောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံ လုံလောက်မှု ရှိ၊ မရှိ၊ ဆရာဝန် ၊ သူနာပြု စတဲ့ ဝန်ထမ်းအင်အား လုံလောက်မှု ရှိ၊ မရှိ စတဲ့ အချက်တွေပေါ် အခြေခံပြီး အဆင့်သတ်မှတ်ပေးထားတာ ဖြစ်သလို သောက်သုံးရေ သန့်ရှင်းမှု ရှိ၊ မရှိကိုလည်း ထည့်သွင်း တွက်ချက်ထားပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာဆိုရင်တော့ မလေးရှားနိုင်ငံက အဆင့် ၃၄ ၊ အင်ဒိုနီးရှားနိုင်ငံက အဆင့် ၅၂ ၊ စင်ကာပူနိုင်ငံက အဆင့် ၂၄ ၊ ဖိလစ်ပိုင်နိုင်ငံက အဆင့် ၃၈ ၊ ဗီယက်နမ်နိုင်ငံက အဆင့် ၆၆ ဖြစ်ပြီး CEOWORLD က ကောက်ယူထားတဲ့ ၈၉ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်တာကိုတော့ မတွေ့ရပါဘူး။
Ref. Bangkokpost, ceoworld.biz