သွားကျန်းမာရေး ကောင်းမွန်မှုဟာ တခြားသော ခန္ဓာကိုယ်အစိတ်အပိုင်း ကျန်းမာရေးတွေလိုပဲ အရေးကြီးပါတယ်။ သွားတွေ ရေရှည်ခိုင်မြဲ ကောင်းမွန်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အပြုအမူတွေကို ရှောင်ကြဉ်သင့်ပါတယ်။
(၁) သွားတွေကို အသုံးပြုပြီး မာကျောတဲ့အရာတွေ ကိုက်ဖွင့်ခြင်း
သွားတွေကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်တဲ့အထဲမှာ မာကျောတဲ့အရာတွေ (ဥပမာအားဖြင့် ပုလင်းဖုံး ကိုက်ဖွင့်တာမျိုးတွေ၊ လက်သည်းကိုက်တာ၊ တခုခုလုပ်ရင်း ဘောပင် ဒါမှမဟုတ် ခဲတံကိုက်တာ) စတာမှာ သွားတွေကို အသုံးပြုလေ့ရှိတဲ့ အပြုအမူမျိုးတွေ ပါဝင်ပါတယ်။
(၂) သွားတိုက်နည်း မမှန်တာနဲ့ မကြာခဏ ဆိုသလို သွားတိုက်တာ
သွားတိုက်တဲ့အခါ သွားတွေကို အလွန်အကျွံ ဖိတိုက်တာ၊ သွားပွတ်တံကို ပုံမှန် မလဲတာမျိုးတွေဟာ သွားတွေကို ပျက်စီးစေနိုင်ပါတယ်။ သွားပွတ်တံ တချောင်းကို ပုံမှန်အားဖြင့် ၃ လတကြိမ်ခန့် လဲလှယ်ပေးသင့်ပြီး သွားတိုက်တဲ့အခါ ဘယ်ဘက်ကနေ ညာဘက်ဆွဲပြီး တိုက်ခြင်းမျိုးထက် အပေါ်အောက် စက်ဝိုင်းပုံလှည့်ပြီး ၂ မိနစ်ခန့်တိုက်ပေးခြင်းက သွားတိုက်နည်း အမှန်ပဲ ဖြစ်ပါတယ်။
(၃) သွားတိုက်ပြီးပြီးချင်း ပလုပ်ကျင်းတာ
လူအများစုဟာ သွားတိုက်ဆေးကို အသံုံးပြုပြီး သွားတိုက်ပြီးပြီးချင်းမှာပဲ ပလုပ်ကျင်းတတ်ကြပါတယ်။ ဒီလို ပြုလုပ်ခြင်းဟာ သွားတိုက်ဆေးမှာ ပါဝင်တဲ့ Fluoride တွေကို ဆုံးရှုံးစေပြီး သွားတွေကို ကာကွယ်ပေးနိုင်စွမ်း လျော့နည်းစေနိုင်ပါတယ်။
(၄) သွားဖြူအောင် ကိုယ့်ဘာသာ ပြုလုပ်တာ
သွားတွေဖြူစင်စေဖို့ ကိုယ့်နည်းလမ်းနဲ့ကိုယ် သွားဖြူဆေးတွေ ဝယ်သုံးတာ၊ ကြေးချွတ်တာမျိုးတွေဟာ အမှန်တကယ် စိတ်ချရတဲ့နည်းလမ်း မဟုတ်သလို သွားတွေကိုလည်း ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ သွားဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သွားတွေကို ဖြူစင်အောင် ပြုလုပ်ခြင်းကသာ သွားတွေ ထိခိုက်ပျက်စီးမှု မဖြစ်စေမှာပါ။
(၅) ကော်ဖီသောက်တာ
ကော်ဖီကို စွဲစွဲမြဲမြဲ သောက်တဲ့အကျင့်ဟာလည်း ရေရှည်မှာ သွားတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ကဖင်းဓာတ်ဟာ သွားတွေကို ဝါကျင့်ကျင့် ဖြစ်စေနိုင်သလို သွားချေးကပ်ခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။
Ref. brightside.me