ကိုယ်လက်လေ့ကျင့်ခန်းကို မနက်စားမစားခင် လုပ်သင့်လား၊ စားပြီးမှ လုပ်သင့်လားဆိုတဲ့ အချက်ကို အငြင်းအခုံ လုပ်လာကြတာ ကြာပါပြီ။ မနက်စာစားပြီးမှ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်များလို့ လုပ်နေရင်း ခေါင်းမူးတာ၊ မူးဝေတာမျိုး မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ မနက်စာ မစားခင် လေ့ကျင့်ခန်း လုပ်သင့်တယ်ဆိုတဲ့ဘက် အခြမ်းကလည်း အဆီပိုတွေကို အမြန်ဆုံးလောင်ကျွမ်းနိုင်တယ်လို့ ဆိုကြပြန်ပါတယ်။
ယူကေနိုင်ငံရဲ့ လေ့လာရေး အဖွဲ့ငယ်တခုက လေ့လာချက်မှာ အဝလွန်နေတဲ့ အမျိုးသား အယောက် ၃၀ ကို မနက်စာ မစားခင် လေ့ကျင့်ခန်း လုပ်စေတဲ့အခါ စားပြီးလုပ်တဲ့သူတွေထက် အဆီပို ၂ ဆ လောင်ကျွမ်းတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ ဗိုက်ထဲမှာ ဘာအစာမှ မရှိတဲ့အချိန် လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ်ခန္ဓာက ကာဗိုဟိုက်ဒရိတ်ဓာတ်ကို သိုလှောင်လိုက်ပြီး မလိုအပ်တဲ့ အဆီပိုတွေကို လောင်ကျွမ်းစေတဲ့ အချက်ပါပဲလို့ ဆိုပါတယ်။
တဖက်မှာလည်း မနက်စာစားပြီးမှ လေ့ကျင့်ခန်းလုပ်တဲ့ အဖွဲ့တွေရဲ့ ၆ ပတ်ကြာ စမ်းသပ်ချက်မှာ မနက်စာ မစားခင် လေ့ကျင့်ခန်းလုပ်တဲ့ အဖွဲ့ထက် ကိုယ်အလေးချိန် ပိုမကျသွားပေမယ့် ဒီလေ့လာချက်မှာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးရလဒ်ကောင်းတွေကိုပါ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မနက်စာ မစားထားဘဲ လေ့ကျင့်ခန်း လုပ်တဲ့သူတွေရဲ့ ကြွက်သားတွေဟာ အင်ဆူလင်ကို ပိုတုန့်ပြန်နိုင်ပြီး သကြားဓာတ် မများအောင် ထိန်းချုပ်ထားလို့ ဆီးချိုနဲ့ နှလုံးကျန်းမာရေးကို ကာကွယ်ရာ ရောက်ပါတယ်။
“မနက်စာမစားခင် လေ့ကျင့်ခန်းလုပ်တဲ့အဖွဲ့က အင်ဆူလင် ကိုယ်တွင်း သကြားဓာတ်ကို ပိုထိန်းချုပ်နိုင်တယ်။ နှစ်ဘက်လုံးကတော့ ကိုယ်အလေးချိန်ကျသွားတာ တူညီသလို ကျန်းမာရေးအတွက် သင့်တော်တဲ့ အကျိုးရလဒ် ရတာချင်းလည်း တူညီကြပါတယ်။ ကွာခြားချက်ကိုပြောပါဆိုရင် မနက်စာစားမယ့် အချိန်လေးပါပဲ” လို့ ဘာ့သ် တက္ကသိုလ်က ကျန်းမာရေးဌာနမှ အဖွဲ့ဝင်တဦးဖြစ်သူ ပါမောက္ခ Javier Gonzalez က ဆိုပါတယ်။
၂၀၁၇ ခုနှစ်ကလည်း ဘာ့သ်တက္ကသိုလ်က ယခုလုပ်ဆောင်ချက်အတိုင်း အမျိုးသား ၁၀ ယောက်ကို လေ့လာခဲ့ရာ လေ့ကျင့်ခန်း အရင်လုပ်ထားပြီး သကြားဓာတ် နည်းနေတဲ့အချိန် မနက်စာ စားလိုက်တဲ့အခါ အဆီပိုတွေ လောင်ကျွမ်းတာကို တွေ့ခဲ့ရသလို မနက်စာစားပြီးမှ လုပ်တဲ့သူတွေလည်း ကယ်လိုရီလောင်ကျွမ်းတာကို တွေ့ရှိခဲ့ပါတယ်။
၂၀၁၀ ခုနှစ် လေ့လာချက်တုန်းကတော့ “လေ့ကျင့်ခန်း လုံးဝ မလုပ်တဲ့ အဖွဲ့”၊ “မနက်စာစားပြီးမှ လုပ်တဲ့အဖွဲ့” နဲ့ “မနက်စာ မစားခင် လေ့ကျင့်ခန်းလုပ်တဲ့ အဖွဲ့”ဆိုပြီး ၃ ဖွဲ့ခွဲကာ လေ့လာခဲ့ကြပါတယ်။ လေ့ကျင့်ခန်း လုံးဝမလုပ်တဲ့ အဖွဲ့က ကိုယ်အလေးချိန် တက်လာတာ အံ့သြစရာ မရှိပေမယ့် ၂၀၁၇ ခုနှစ်က လေ့လာချက်နဲ့ ဆန့်ကျင်ဘက်အဖြစ် မနက်စာစားပြီးမှ လေ့ကျင့်ခန်းလုပ်တဲ့ သူတွေဟာ ကိုယ်အလေးချိန်တက်လာတာပါ။
ဒါကြောင့် အဆိုပါ လေ့လာချက်တွေနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေထုတ်နိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာရဦးမယ် ဆိုပေမယ့် မနက်စာ မစားခင် လေ့ကျင့်ခန်းလုပ်တဲ့ သူတွေကတော့ ကျန်းမာရေးအတွက် ပိုကောင်းတယ်ဆိုတဲ့ အချက်နဲ့တင် အလေးသာနေပါတယ်။
Ref: edition.cnn
You may also like these stories:
ကိုယ်အလေးချိန် အလျင်အမြန် ကျစေမယ့် နည်းလမ်း ၈ ခု
ဝမ်းဗိုက်က အဆီပိုတွေကို လျှော့ချနိုင်မယ့် အကောင်းဆုံးအစားအစာများ
နာမည်ကြီး အနုပညာရှင်များရဲ့ ကိုယ်အလေးချိန်လျှော့ချနည်းများ
ခန္ဓာကိုယ်ပေါ်က အဆီပို (Cellulite) တွေကို ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းကောင်းများ