သင်ဟာ နံနက်ခင်းတွေမှာ ကော်ဖီတခွက်သောက်ပြီး အစပြုတတ်သူတယောက်၊ နေ့လယ် နေ့ခင်းတွေမှာလည်း ကော်ဖီသောက်လေ့ရှိသူ တယောက်ဆိုရင်တော့ အသည်းကင်ဆာဖြစ်နိုင်ခြေ လျော့နည်းဖို့ သေချာသလောက် ဖြစ်နေပါပြီ။ ကော်ဖီဟာ အာရုံကြောကို လန်းဆန်းစေပြီး စိတ်ကိုကြည်လင် နိုးကြားစေတာကြောင့် လူတော်တော်များများဟာ ကော်ဖီသောက်သုံးရတာကို ကြိုက်နှစ်သက်ကြပါတယ်။
ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်ဟာ သုံးတတ်မယ်ဆိုရင် လူ့ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ အများအပြား ပေးနိုင်ပြီး အခုနောက်ဆုံး ပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိချက်အရဆိုရင်တော့ ကော်ဖီသောက်သုံးခြင်းဟာ အသည်းကင်ဆာ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။
Belfast မြို့၊ Queen’s University က သုတေသနပညာရှင်တွေရဲ့ လေ့လာချက်အရ ကော်ဖီမှာ ပါဝင်တဲ့ Polyphenols ဟာ အသည်းကင်ဆာ ဖြစ်ပေါ်စေနိုင်တဲ့ ကင်ဆာဆဲလ်တွေကို တားဆီးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှု မှတ်တမ်းတွေအရ ကော်ဖီသောက်သုံးတဲ့နေရာမှာ သဘာဝ ကော်ဖီမှုန့် စစ်စစ်ကိုသာ သောက်သုံးသူတွေသာ အသည်းကင်ဆာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း လျော့ကျနိုင်တယ်ဆိုတဲ့ သုတေသနပြုမှုနဲ့ အကျုံးဝင်ပြီး သကြားနဲ့ ကော်ဖီအရသာကို ပြောင်းလဲစေတဲ့ တခြားသော ဓာတုပစ္စည်းတွေ ထည့်သွင်းပြုလုပ်ထားတဲ့ ကော်ဖီမစ်တွေကတော့ အကျုံးမဝင်နိုင်ဘူးလို့ သိရပါတယ်။
ဒါ့အပြင် အရက် အလွန်အကျွံ သောက်သုံးသူတွေ၊ ဆေးလိပ် သောက်သုံးသူတွေမှာ ဖြစ်လေ့ရှိတဲ့ အသည်းကင်ဆာရောဂါလိုမျိုးကိုတော့ ကော်ဖီသောက်ပေးရုံနဲ့ ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အသည်းကင်ဆာရောဂါဟာ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ ကင်ဆာရောဂါတွေထဲက တခုဖြစ်ပြီး သဘာဝ ကော်ဖီမှုန့် စစ်စစ်မှာပါဝင်တဲ့ ကဖင်းဓာတ်နဲ့ antioxidant ဓာတ်တွေဟာ ကင်ဆာဖြစ်ပေါ်စေတဲ့ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။
Ref. www.dailymail.co.uk