တဦးတည်းသော သားသမီးတွေဟာ မောင်နှမသားချင်းရှိသူတွေထက် အဝလွန်နိုင်ခြေပိုများတယ်ဆိုတဲ့ လေ့လာချက်တခုကို မကြာသေးခင်ကမှ Journal of Nutrition Education And Behaviour မှာ ဖော်ပြထားပါတယ်။
ဒီလေ့လာမှုကို အတည်ပြုဖို့အတွက် သုတေသနလေ့လာပညာရှင်တွေဟာ အသက် ၅ နှစ်ကနေ ၇ နှစ်အတွင်း ကလေးပေါင်း ၆၂ ဦးခန့်ကို လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မိသားစုတွင်းမှာ သူတို့အဓိကထား စားသောက်တဲ့ အစားအစာတွေနဲ့ အချိုရည်လိုမျိုး သောက်စရာအရည်တွေ သောက်သုံးမှုပုံစံကို လေ့လာခဲ့တာပါ။
ဒီလိုမျိုး တဦးတည်းသော သားသမီးတွေ အဝလွန်နိုင်ခြေများခြင်းရဲ့ အဓိကအကြောင်းအရာတွေထဲမှာ မိဘတွေက ကလေးတွေရဲ့ စားသောက်နေထိုင်မှုပုံစံကို စိတ်တိုင်းကျခွင့်ပြုထားတာကလည်း အဝလွန်နိုင်ခြေများခြင်းရဲ့ အချက်တွေထဲက တခုဖြစ်ပါတယ်။
သားသမီးတဦးထက်ပိုများတဲ့ မိသားစုတွေမှာတော့ အစားအစာကို စိတ်တိုင်းကျ ခွင့်ပြုစားသုံးစေခြင်းထက် စနစ်တကျ ချက်ပြုတ်စီစဉ်ပေးခြင်းနဲ့ ကြီးပြင်းစေတာကြောင့် တဦးတည်းသော သားသမီးတွေထက် အဝလွန်နိုင်ခြေနည်းပါး ရတာဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
သုတေသနလေ့လာမှု ပြုလုပ်ရာမှာ အိမ်မှာသာမက ကျောင်းမှာပါ စားသုံးတဲ့ စားသောက်မှုပုံစံကို စစ်တမ်းကောက်ယူ လေ့လာခဲ့တာဖြစ်ပြီး ကျောင်းမှာစောင့်ကြည့်ခဲ့တဲ့ မှတ်တမ်းတွေအရ တဦးတည်းသော သားသမီးတွေဟာ တခြားသော မောင်နှမသားချင်းရှိတဲ့ ကလေးတွေထက် အဆီဓာတ်များတာနဲ့ အချိုဓာတ်များလွန်းတဲ့ အစားအစာ တွေကို ပိုမိုနှစ်ခြိုက်ကြကြောင်းကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။
ဒါ့အပြင် သူတို့တွေဟာ ပြင်ပအစားအစာတွေနဲ့ အသင့်စားအစားအစာတွေကို ပိုမိုနှစ်ခြိုက်ကြပြီး အိမ်မှာထက် ကျောင်းမှာပိုပြီး စားလေ့ရှိကြောင်းကိုလည်း လေ့လာတွေ့ရှိခဲ့ပါသေးတယ်။
လေ့လာမှုတွေအရဆိုရင် ငယ်ရွယ်စဉ်ကလေးဘဝတည်းက အဝလွန်ခြင်းဟာ ကလေးငယ်တွေကြားမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတခုဖြစ်ပြီး မိဘတွေအနေနဲ့လည်း ဒါကို ထိန်းသိမ်းပေးဖို့ လိုအပ်ကြောင်းကို ဆေးပညာရှင်တွေက အကြံပြုပြောဆိုထားပါတယ်။
အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ငယ်ရွယ်စဉ်မှာတည်းက မခံစားရအောင် စားသောက်နေထိုင်မှုပုံစံကို ပြင်ဆင်ပေးသင့်ကြောင်းကိုလည်း ထပ်လောင်းအကြံပြုထားပါတယ်။
Ref. metro.co.uk
You may also like these stories:
ညီမ ရှိတဲ့ အစ်မတွေဟာ ပိုပြီး ဝတတ်ကြောင်း လေ့လာတွေ့ရှိ
လုပ်ငန်းခွင်ကြောင့် ဝိတ်တက်လာရခြင်း အကြောင်းရင်း ၅ ချက်
အဝလွန်နေတဲ့ ရဲတွေကို ဝိတ်ချဖို့ ဖိအားပေးပြီး ဝိတ်ချပေးနေတဲ့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့