အသက် ၁၆ နှစ်အရွယ် ဖိလစ်ပိုင် အထက်တန်းကျောင်းသူလေးဟာ ဆီးချိုရောဂါ ကုသနိုင်မယ့် အသီးတမျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ “Aratiles” လို့ခေါ်တဲ့ အသီးဟာ ဆီးချိုရောဂါကုသဖို့အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်း Visayas ဒေသမှာရှိတဲ့ Iloilo က အထက်တန်းကျောင်းသူလေး Maria ဟာ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာသိပ္ပံနဲ့ အင်ဂျင်နီယာပြပွဲ ၂၀၁၉ မှာ ဆေးပညာနယ်ပယ်အတွက် အထောက်အကူပြုတဲ့ လေ့လာတွေ့ရှိမှု အသစ်ကို ဖော်ထုတ်ပြသခဲ့ပြီး အောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။
ဖိလစ်ပိုင်လူမျိုး သိပ္ပံပညာရှင် အငယ်စားလေး Maria ဟာ ဖေဖော်ဝါရီလက ဖိလစ်ပိုင်မှာ ကျင်းပခဲ့တဲ့ ၂၀၁၉ အမျိုးသားသိပ္ပံနဲ့ နည်းပညာပြပွဲတုန်းကလည်း အနိုင်ရရှိခဲ့တာကြောင့် အမေရိကန်မှာ ကျင်းပတဲ့ နိုင်ငံတကာအဆင့် ပြပွဲကို သွားရောက်ဖို့ ဆန်ခါတင် ၁၂ ယောက် စေလွှတ်ခဲ့ရာမှာ ဖိလစ်ပိုင်ရဲ့ တက္ကသိုလ်ဝင်တန်းအဆင့်မှာ ကိုယ်စားပြုပါဝင်ခဲ့ပြီး ပထမဆုံး Gokongwei Brothers Foundation က ချီးမြှင့်တဲ့ လူငယ်သိပ္ပံပညာရှင်ဆုကိုပါ လက်ခံရရှိခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ တဝှမ်းမှာ တွေ့ရှိရတဲ့ Aratiles အသီးဟာ ဆီးချိုရောဂါကုသရာမှာ အကျိုးရှိတယ်ဆိုတာ ပြသနိုင်ခဲ့တာပါ။ တခြားနိုင်ငံတွေမှာတော့ အနီရောင် အလုံးလေးတွေကို ဂျမေကန်ချယ်ရီ၊ ပနားမားချယ်ရီ၊ စင်ကာပူ ချယ်ရီဆိုပြီး အမျိုးမျိုးခေါ်တဲ့အပြင် ဖိလစ်ပိုင်မှာတော့ Datiles, Kerson, Manzanitas (ပန်းသီးအသေး) လို့ ခေါ်ကြပြီး Visayas ဒေသမှာ အများအပြား တွေ့ရှိရပါတယ်။
Maria ကိုယ်တိုင်လေ့လာခဲ့ရာမှာ ဖိလစ်ပိုင်နိုင်ငံတဝှမ်း တွေ့ရှိရတဲ့ Aratiles အသီးမှာ လူကိုအကျိုးပြုတဲ့ ဓာတ်ပေါင်းတွေ၊ Antioxidant နဲ့ ဆီးချိုရောဂါ ထိန်းချုပ်ကာကွယ်နိုင်စွမ်းတွေ တွေ့ရှိရတာကြောင့် အမျိုးအစား ၂ ဆီးချိုရောဂါအတွက် ကုသနိုင်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။
Aratiles အသီးတခုတည်းတင် ဆီးချိုရောဂါ ကာကွယ်နိုင်စွမ်းရှိတာ မဟုတ်ဘဲ အရွက်၊ အကိုင်းအခက်၊ ပန်းတွေမှာပါ ဘတ်စုံပါဝင်နေတာကြောင့် စရိတ်သက်သက်သာသာနဲ့ ကာကွယ်ကုသနိုင်မယ့် အဖိုးတန်နည်းလမ်းသစ်ကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆေးပညာအခေါ်အဝေါ် Diabetes mellitus ဆီးချိုရောဂါဟာ ကိုယ်တွင်းသကြားဓာတ်လို့ခေါ်တဲ့ ဂလူးကို့စ်ဓာတ် ထုတ်လွှတ်တဲ့ လုပ်ငန်းစဉ် ကမောက်ကမ ဖြစ်ရာက စတင်ဖြစ်ပေါ်တဲ့ ဝေဒနာတခုပါ။ တကမ္ဘာလုံးမှာ ဆီးချိုရောဂါခံစားနေရသူပေါင်း သန်း ၄၀၀ ကျော်ရှိတာကြောင့် အသံတိတ် လူသတ်သမားလို့ ခေါ်ဆိုကြပါတယ်။
Maria ရှာဖွေတွေ့ရှိခဲ့တဲ့ အသီးမှာတော့ ဆီးချိုဝေဒနာကို ကုသနိုင်မယ့်ဓာတ်ပေါင်းတွေ ပါဝင်တာ ကြောင့် ဆေးပညာလောကအတွက် အဖိုးတန်တဲ့ တွေ့ရှိမှုအသစ် ဖြစ်ခဲ့ပါတယ်။
Ref: PATAMA.NET