ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်နဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာမှု စစ်တမ်းတွေအရ နေ့ခင်းဘက်မှာ တရေးတမော အိပ်စက်လေ့ရှိတဲ့ ကလေးငယ်တွေဟာ စိတ်ခံစားချက်နဲ့ ကိုယ်ခံအား ကောင်းမွန်ခြင်းတွေအပြင် ကျောင်းတွင်း စွမ်းဆောင်ရည်ပိုင်းမှာလည်း ပိုမိုမြင့်မားလေ့ရှိတယ်လို့ ဆိုပါတယ်။
လေ့လာတွေ့ရှိချက်ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ Sleep ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်ရဲ့ အာရုံကြောပညာရှင် Adrian Raine က “၃ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်ထက်ပိုပြီး တရေးတမော အိပ်စက်တတ်တဲ့ ကလေးတွေဟာ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာမှာ ၂ ဒဿမ ၆ ရာခိုင်နှုန်းထိ တိုးတက်နေတာကို တွေ့ရှိရပါတယ်” လို့ Sleep ဂျာနယ်နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
အိပ်စက်ခြင်းနဲ့ ပတ်သက်လို့ လေ့လာစစ်ဆေးရေး ပရောဂျက်တွေမှာတော့ အသက် ၁၀ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေးပေါင်း ၃,၀၀၀ ကျော်ကို စောင့်ကြည့် လေ့လာခဲ့ပြီး နေ့လယ်ဘက် တရေး အိပ်စက်ခြင်းအားဖြင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်ခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်း၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ နည်းပါးစေတဲ့အပြင် IQ ကို မြင့်တက်စေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။
နေ့ခင်းဘက်မှာ အိပ်မောကျခြင်းနဲ့ အိပ်ငိုက်တတ်တဲ့ အလေ့အကျင့်တို့ဟာ ၂၀ ရာခိုင်နှုန်းသော ကလေးငယ်တွေမှာ သိသာထင်ရှားတာဖြစ်တယ်လို့ ဂျာနယ်ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ Jianghong Liu ကဆိုပါတယ်။
အခုလို လေ့လာမှုကို မူကြိုအရွယ်နဲ့ မူကြိုအရွယ်ထက် ငယ်တဲ့ ကလေးငယ်တွေကို အဓိကထား စောင့်ကြည့် မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး ကလေးတွေရဲ့ အပြုအမူပိုင်းဆိုင်ရာ အလေ့အကျင့်တွေ၊ စိတ်ခံစားချက်နဲ့ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်စေမှုတွေဟာ အအိပ်အနေ နည်းပါးခြင်းကြောင့် ဖြစ်တယ်လို့ အသေအချာ ဖော်ပြထားပါတယ်။
လေ့လာသူတွေအနေနဲ့ကတော့ အရွယ်ရောက်ပြီးသူတွေနဲ့ အသက်အရွယ် ကြီးရင့်သူတွေအတွက်ပါ လေ့လာမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ ရှိနေဆဲဖြစ်ပေမယ့် လတ်တလောမှာတော့ အကောင်အထည် မဖော်နိုင်သေးပါဘူး။ ကလေးငယ်တွေအတွက် နေ့ခင်းဘက်တွေမှာ တရေး အိပ်စက်ခြင်းဟာ နေ့စဉ် လိုအပ်ချက်တခု ဖြစ်တာကြောင့် အလေ့အထတခု အနေနဲ့ လေ့ကျင့်ပေးဖို့ လိုအပ်တယ်လို့လည်း အကြံပြုထားပါတယ်။
Ref. www.intelligentliving.com