အများသုံးသန့်စင်ခန်းတွေမှာ လက်ဆေးပြီးရင် အသုံးပြုဖို့ထားထားတဲ့ လက်အခြောက်ခံစက်တွေကို လူတိုင်းနီးပါး အသုံးပြုဖူးကြမှာပါ။ အများသုံးအိမ်သာ အများစုမှာ လက်ဆေးပြီးရင် အသုံးပြုဖို့အတွက် တစ်ရှူးတွေ ထားပေးတတ်ပေမယ့် တချို့အိမ်သာတွေမှာတော့ လက်အခြောက်ခံစက်ကိုသာ ထားပေးကြတာကြောင့် လွယ်လွယ်ကူကူပဲ အသုံးပြုမိတတ်ကြပါတယ်။
ဆေးပညာရှင်တွေရဲ့ လေ့လာချက်တွေအရ လက်အခြောက်ခံစက်တွေမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပေါင်း မြောက်များစွာ ခိုအောင်းနေပြီး ဒီဘက်တီးရီးယားပိုးမွှားတွေဟာ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ ချောင်းဆိုးတာ၊ နှာစေးတာ၊ အအေးမိဖျားနာတာ၊ ဗိုက်အောင့်တာ ၊ ဓာတ်မတည့်ဖြစ်ပြီး အရေပြားယားယံတာ စတာတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။
လက်အခြောက်ခံစက်တွေအများစုဟာ အပူ၊ အအေး နှစ်မျိုးရောပြီး လက်ကို ခြောက်သွေ့စေတာဖြစ်ပြီး စက်အတွင်းမှာရှိတဲ့ ဖုန်မှုန့်တွေနဲ့ အိမ်သာတွင်းက အနံ့အသက်တွေကြောင့် အမြဲလိုလို ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေတယ်လို့ ပြောလို့ရပါတယ်။
လက်ကို ဆပ်ပြာနဲ့ ရေ အသုံးပြုပြီး ဆေးကြောသန့်စင်ပြီးချိန်မှာ ဘက်တီးရီးယား ပိုးမွှားတွေနဲ့ ပြည့်နှက်နေတဲ့ လက်အခြောက်ခံစက်ကို အသုံးပြုလိုက်ခြင်းကြောင့် လက်ပေါ်က ရေတွေ ခြောက်သွေ့သွားစေတာမှန်ပေမယ့် ဘက်တီးရီးယား ပိုးမွှားတွေကတော့ ကပ်ငြိကျန်ခဲ့တာ ဖြစ်ပါတယ်။
လူကို အန္တရာယ်ဖြစ်စေတဲ့ ဘက်တီးရီးယား တော်တော်များများဟာ ပူနွေးစိုစွတ်တဲ့ အနေအထားတခုကို နှစ်ခြိုက်ကြတာကြောင့် လက်အခြောက်ခံစက်တွင်းဟာ ဘက်တီးရီးယားတွေ ရှင်သန်ပွားများဖို့ လွယ်ကူတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
ဆေးပညာရှင်တွေကတော့ သန့်စင်ခန်းအသုံးပြုပြီးလို့ လက်ကို ရေနဲ့ ဆပ်ပြာ အသုံးပြုကာ ဆေးကြောပြီးချိန်မှာ လက်အခြောက်ခံစက်တွေကို အသုံးပြုမယ့်အစား တစ်ရှူးကို အသုံးပြုပြီး ခြောက်သွေ့အောင် ပြုလုပ်ခြင်းက ပိုမိုစိတ်ချရတယ်လို့ ဆိုပါတယ်။
လက်အခြောက်ခံစက်တွေကို အသုံးပြုမယ့်အစား တစ်ရှူး ဒါမှမဟုတ် တစ်ရှူး မရှိဘူးဆိုရင်တောင် လက်ကို ဒီအတိုင်း ခြောက်သွေ့စေခြင်းက ကျန်းမာရေးအတွက် ပိုမိုဘေးကင်းတယ်လို့လည်း ဆိုပါတယ်။
Ref. www.health.harvad.edu
You may also like these stories:
ဒီပစ္စည်းတွေကို ကိုင်တွယ်ပြီးတာနဲ့ လက်ကို ချက်ချင်းဆေးကြောပေးပါ
ကျန်းမာရေး ကောင်းမွန်စေတဲ့ အကျင့်ဆိုး ၅ ခု
ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ကြောင်း ခန္ဓာကိုယ်က ပြသနေတဲ့ လက္ခဏာများ