ရိုးရိုးသာမန် ဖျားနာ ကိုက်ခဲတာမျိုးဖြစ်ဖြစ်၊ နာတာရှည် ရောဂါဝေဒနာတွေကြောင့် ဆေးဝါး သောက်သုံးရတဲ့အခါမျိုးမှာဖြစ်ဖြစ် ဆေးမသောက်ခင် အစားအစာ တခုခုစားဖို့ ဆရာဝန်တွေက မှာလေ့ရှိကြပါတယ်။
တချို့သော ဆေးဝါးတွေကတော့ အစားမစားဘဲလည်း သောက်သုံးလို့ရတာမျိုးတွေ ရှိသလို ဆေးဝါးအများစုကတော့ တခုခုစားပြီးမှ သောက်သုံးသင့်ပါတယ်။ ဘာကြောင့် ဆေးမသောက်ခင် အစားစားဖို့ အရေးကြီးလဲဆိုတာ ကျန်းမာရေး ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။
(၁) အစာအိမ်နာတာ၊ အောင့်တာမျိုးတွေကို လျော့ကျစေတယ်
ဆေးဝါးတော်တော်များများကို အစားစားပြီးမှ သောက်သုံးခိုင်းရတဲ့ အကြောင်းရင်းကတော့ သောက်လိုက်တဲ့ ဆေးကြောင့် အစာအိမ်နာတာမျိုးတွေ၊ အစာအိမ်အောင့်တာမျိုးတွေ မဖြစ်ပေါ်ရအောင် ဖြစ်ပါတယ်။ အကိုက်အခဲပျောက်ဆေးလို ဆေးတွေကို အစာမရှိဘဲ သောက်သုံးလိုက်မယ်ဆိုရင် ဗိုက်အောင့်၊ ဗိုက်နာဖြစ်နိုင်တာကြောင့် တခုခု စားပြီးမှသာ သောက်သုံးသင့်ပါတယ်။
(၂) ပျို့အန်တာတွေကို လျော့ကျစေနိုင်တယ်
တချို့သောဆေးဝါးတွေဟာ ဆေးအရှိန်ကြောင့် ပျို့အန်တာတွေ၊ ကိုယ်လက် မအီမသာ ဖြစ်တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုမျိုး မဖြစ်ပေါ်အောင် ဆေးမသောက်ခင် အစာတခုခု စားထားမယ်ဆိုရင် ပျို့အန်ပြီး မအီမသာ ဖြစ်တာမျိုးတွေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) ရင်ပူရင်ဆာ ဖြစ်တာတွေကို လျှော့ချပေးနိုင်တယ်
ဆေးမသောက်ခင် အစားတခုခု စားပေးခြင်းဟာ ဆေးကြောင့် ရင်ပူရင်ဆာဖြစ်တာတွေ၊ ရင်တုန်တာတွေကို သက်သာလျော့နည်းစေနိုင်ပါတယ်။
(၄) ဆေးအာနိသင်ကို ပိုမိုကောင်းမွန်စေနိုင်တယ်
ဆေးမသောက်ခင် အစားတခုခု စားခြင်းဟာ ဆေးအာနိသင်ကို ပိုမိုထိရောက် ကောင်းမွန်စေသလို ဆေးကြောင့် အစာအိမ်ထိတာမျိုးတွေကိုလည်း လျော့နည်းစေနိုင်ပါသေးတယ်။ ဝမ်းဗိုက်ထဲမှာရှိတဲ့ အစာကြောင့် သွေးကြောအနှံ့ထိ ဆေးအာနိသင် ပျံ့နှံ့မှုကိုလည်း မြန်ဆန်စေမှာဖြစ်ပါတယ်။
Ref. www.nhs.uk
You may also like these stories:
ဆေးသောက်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက်များ
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို ကုသပေးနိုင်တဲ့ မှိုမျိုးစိတ်တမျိုး လေ့လာတွေ့ရှိ
ပိန်ဆေးတွေက ကျန်းမာရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိစေနိုင်လဲ