အဖြစ်အများဆုံးနဲ့ သေဆုံးမှုအများဆုံးကင်ဆာရောဂါတွေထဲမှာ အဆုတ်ကင်ဆာရောဂါဟာဆိုရင်လည်း တခု အပါအဝင်ဖြစ်ပြီး အဆုတ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ဆေးလိပ်သောက်သုံးခြင်း ဟာလည်း တခုအပါအဝင်ဖြစ်ပါတယ်။
ဆေးလိပ်ကိုရေရှည် စွဲစွဲမြဲမြဲ သောက်သုံးသူတွေမှာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေများပြီး အဆုတ်ကင်ဆာ ဖြစ်ပွားနေသူတွေရဲ့ ၂၀ ရာခိုင်နှုန်းကတော့ ဆေးလိပ်လုံးဝ မသောက်သုံးသူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုအကြောင်းအရာတွေက ဆေးလိပ်မသောက်သုံးဘဲ အဆုတ်ကင်ဆာကို ဖြစ်ပေါ်စေနိုင်လဲဆိုတာကို ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
(၁) တဆင့်ခံဆေးလိပ်ငွေ့ ရှုရှိုက်ရခြင်း
ဆေးလိပ်ကို ကိုယ်တိုင်မသောက်သုံးပေမယ့် အနီးအနားပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်သုံးသူတွေရဲ့ ဆေးလိပ်ငွေ့ကို ရှုရှိုက်နေရရင်လည်း အဆုတ်ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ တဆင့်ခံရှုရှိုက်ရတဲ့ ဆေးလိပ်ငွေ့တွေ ထဲမှာ အဆုတ်ကင်ဆာကို ဖြစ်စေတဲ့ ဓာတုပစ္စည်းပေါင်း အမျိုး ၇၀ ကျော်လောက်ပါဝင်တာကြောင့် အဆုတ်ကင်ဆာ ကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။
(၂) လေထုညစ်ညမ်းမှု
ဆေးလိပ်သောက်သုံးမှ၊ ဆေးလိပ်ငွေ့ကို တဆင့်ခံရှုရှိုက်မှ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေမြင့်တက်တာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကလည်း အဆုတ်ကင်ဆာဖြစ်နှုန်းကို မြင့်တက်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ကနေ ကြေညာထားတာဖြစ်ပြီး အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတဲ့ ဖုန်မှုန့်တွေ၊ မီးခိုးငွေ့တွေကလည်း အဆုတ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အချက်တခုပါ။
(၃) မျိုးရိုးလိုက်ခြင်း
ဆေးလိပ်သောက်သုံးတာမျိုး မရှိဘဲ အဆုတ်ကင်ဆာ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို လေ့လာတဲ့အခါ မျိုးရိုးထဲမှာ အဆုတ်ကင်ဆာဖြစ်ပွားဖူးသူရှိရင်လည်း အဆုတ်ကင်ဆာဖြစ်နိုင်ခြေ အလားအလာရှိတယ်လို့ သိရပါတယ်။
Ref. www.cancer.org