ဆေးသုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ဆံပင်ပြုပြင်တဲ့ ဆေးတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ကင်ဆာဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပြီး အခုနောက်ဆုံး ပြုလုပ်တဲ့ လေ့လာမှုအရ ဆံပင် မကြာခဏ အရောင်ဆိုးတာ၊ အရောင်ပြောင်းတာ ပြုလုပ်တာမျိုးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
ဒီသုတေသန လေ့လာချက်ကို အတည်ပြုနိုင်ဖို့အတွက် National Institute of Health ကနေ အသားအရောင် မတူညီတဲ့ လူဖြူ၊ လူမည်း အမျိုးသမီးပေါင်း အယောက် ၅ သောင်းကျော်ခန့်ကို အချိန် ၈ နှစ်ခန့်ယူကာ လေ့လာ စောင့်ကြည့်ခဲ့တာဖြစ်ပြီး ဆံပင် မကြာခဏ ဆေးဆိုးတာနဲ့ ဆံပင်ဖြောင့်ဆေး အသုံးပြုခြင်းတို့ဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။
လေ့လာမှု အသေးစိတ်တွေအရ ဆံပင် မကြာခဏ ဆေးဆိုးတဲ့ အမျိုးသမီးတွေဟာ လုံးဝ ဆေးမဆိုးတဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းခန့် ပိုမြင့်တယ်လို့ သိရပြီး ၁ လတခါ ဒါမှမဟုတ် ၂ လတခါ ဆံပင်ကာလာပြောင်းတာ၊ ဆံပင်ဖြောင့်ဆေး သုံးတာမျိုးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းထိ မြင့်တက်စေနိုင်တယ်လို့လည်း သိရပါတယ်။
လေ့လာမှုမှာ ဖော်ပြထားတဲ့ မှတ်တမ်းတွေအရ ဆံပင်ဆိုးဆေးတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဦးရေပြားကနေတဆင့် ပျံ့နှံ့သွားစေတာမျိုးဖြစ်ပြီး အသုံးပြုတဲ့ ဆေးအမျိုးအစားပေါ် မူတည်တာကြောင့် ဆံပင်ဆေးဆိုးတိုင်းလည်း ရင်သားကင်ဆာဖြစ်နိုင်တယ်လို့ တပ်အပ်မပြောနိုင်ဘူးလို့ ဆိုပါတယ်။
ဆံသား ကျန်းမာရေးအတွက် အသုံးပြုတဲ့ Hair Treatment တွေကတော့ ရင်သားကင်ဆာ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ လေ့လာမှုတွေမှာ မပါဝင်ဘဲ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ ဘယ်နှကြိမ်၊ ဘယ်ပမာဏထိ တွေ့တယ်ဆိုတဲ့အပေါ် မူတည်ပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာတာဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။
Ref. www.nytimes.com